တောင်ကိုရီးယားနိုင်ငံတွင်  မိုးအသည်းထန်ဆုံးစွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူအနည်းဆုံး (၈) ဦး သေဆုံး

တောင်ကိုရီးယားနိုင်ငံတွင်  မိုးအသည်းထန်ဆုံးစွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် လူအနည်းဆုံး (၈) ဦး သေဆုံး
သြဂုတ် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

တောင်ကိုရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ လမ်းချော်မှုနှင့် လမ်းမများနှင့် မြေအောက်ရထားဘူတာရုံများ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဆိုးလ်မြို့တော်တဝိုက် အနည်းဆုံး လူ (၈) ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်‌တွေက ဩဂုတ်လ (၉) ရက်နေ့တွင် ပြောသည်။

ဆိုးလ်မြို့၏ တောင်ပိုင်းနေရာများတွင် ဩဂုတ်လ (၈)ရက်နေ့ ညပိုင်းက တစ်နာရီလျှင် မိုးရေချိန် (၃.၉) လက်မကျော် (၁၀၀ မီလီမီတာ) ရွာသွန်းခဲ့ပြီး မြို့၏ အချို့နေရာများတွင် မိုးရေချိန် (၅.၆) လက်မ (၁၄၁.၅ မီလီမီတာ) အထိ ရွာသွန်းခဲ့ကြောင်းနှင့် ဆယ်စုနှစ်များအတွင်း အဆိုးဆုံး မိုးသည်းထန်မှုဖြစ်ကြောင်း တောင်ကိုရီးယားမိုးလေဝသဌာန Korea Meteorological Administration (KMA) က ဆိုသည်။

ဆိုးလ်မြို့တွင် ဩဂုတ်လ (၈) ရက်နေ့  ညသန်းခေါင်ကစပြီး အဆက်မပြတ် မိုးရွာသွန်းနေခဲ့ရာ ဩဂုတ်လ (၉) ရက်နေ့  နံနက် (၅) နာရီအချိန်အထိ မိုးရေချိန် (၁၆.၅) လက်မ (၄၂၀ မီလီမီတာ) အထိရှိခဲ့ကြောင်းနှင့် နောက်ထပ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။

 လူနေထူထပ်သည့် Gangnam ဧရိယာတွင် အဆောက်အအုံအချို့နှင့် စတိုးဆိုင်များတွင် ရေကြီးနေပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း သိရသည်။

မိုးသည်းထန်မှုကြောင့် ဆိုးလ်တွင် ဘတ်စ်ကားများနှင့် ရထားဘူတာရုံများ ရေနစ်မြုပ်နေခဲ့ရာ လူများ သောင်တင်နေခဲ့ကြသည်။ 

"မနေ့ညက မိုးသည်းနေတုန်း Gangnam ဘူတာရုံမှာရှိနေခဲ့တယ်။ စက္ကန့် (၃၀) တိုင်း မိုးကြိုးနဲ့ လျှပ်စီးကြောင်းတွေ ဖြစ်ပေါ်နေခဲ့တယ်" ဟု ဆိုလ်းမြို့ရှိ အသက် (၂၇) နှစ်အရွယ် Lee Dongha  အမည်ရှိ ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

"အားလုံးက ရုတ်တရက်နေ့ ချည်းပဲ။ ဘတ်စ်ကားတွေ၊ မြေအောက်ရထားဘူတာရုံတွေနဲ့ လမ်းတွေ ရေနစ်မြုပ်သွားခဲ့တယ်။ ကျွန်တော်လည်း တည်းခိုနေထိုင်စရာတစ်ခု အမြန်ဘွတ်ကင်လုပ်လိုက်ရတယ်။ ဘယ်မှသွားမရဘဲ သောင်တင်မနေချင်ဘူးလေ" ဟု ၎င်းကဆိုသည်။ 

ဩဂုတ်လ (၉) ရက်နေ့  ဒေသစံတော်ချိန် နံနက်အစောပိုင်းအချိန်အထိ ဆိုးလ်မြို့တွင် အနည်းဆုံး လူ (၅) ဦးနှင့် Gyeonggi ပြည်နယ်တွင် လူ (၂) ဦး သေဆုံးခဲ့ကြောင်း Central Disaster and Safety Countermeasures Headquarters က အတည်ပြုခဲ့သည်။

ရေနစ်မြုပ်ခဲ့သည့် အဆောက်အအုံများအတွင်း ပိတ်မိခဲ့ပြီးနောက် လူ (၄) ဦး သေဆုံးခဲ့ပြီး နောက်တစ်ဦးမှာ ဓာတ်လိုက်သေဆုံးခဲ့သည်ဟု ယူဆရသည်။ 

ဘတ်စ်ကားမှတ်တိုင်၏ အပျက်အစီးအောက် လူတစ်ဦး သေဆုံးနေသည်ကို တွေ့ရကြောင်းနှင့် နောက်တစ်ဦးမှာ မြေပြိုမှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆိုးလ်မြို့တွင် မိုးသည်းထန် ရေကြီးပြီး ရာသီဥတုဆိုးရွားမှုအတွင်း အနည်းဆုံး လူ (၁၄) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် (၆) ဦး ပျောက်ဆုံးနေကြောင်းလည်း  BBC သတင်းက ဖော်ပြသည်။ 

လူဦးရေ (၂၆) သန်းရှိသည့် ဆိုးလ်မြို့တော်နှင့် မြို့တော်ဧရိယာအနှံ့ မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း KMA က သတိပေးချက်များ ထုတ်ပြန်ထားသည်။ 

ထို့အတူ Gangwon နှင့် Chungcheong ပြည်နယ်တို့၏ နေရာများလည်း မိုးသည်းထန်နိုင်ကြောင်း KMA က ပြောသည်။

တောင်ကိုရီးယားအလယ်ပိုင်း နေရာဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုများ ဩဂုတ်လ (၁၀) ရက်နေ့ နေ့အထိ ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း KMA က ခန့်မှန်းထားသည်။ 

တောင်ကိုရီးယားသမ္မတ Yoon Suk-yeol က ယခုအခြေအနေနှင့် ပတ်သက်၍ အရေးပါ်အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး သေဆုံးမှုများမရှိစေရန် ကာကွယ်ရေးနှင့် ရေဘေးသင့်နေရာများကို လျင်မြန်စွာ ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေး အာရုံစိုက်ကြရန် အာဏာပိုင်များကို ညွှန်ကြားခဲ့ကြောင်း သိရသည်။

Source: Reuters, BBC

Photo: REUTERS, Yonhap, ANTHONY WALLACE / AFP ,AP