မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံ၏ သုဝဏ္ဏဘူမိလေဆိပ်တွင် မျောက်ကျောက်ရောဂါ စောင့်ကြည့်စစ်ဆေးမှု စတင်လုပ်ဆောင်

Photo: Wichan Charoenkiatpakul
Photo: Wichan Charoenkiatpakul
မြန်မာနှင့်အိမ်နီးချင်း ထိုင်းနိုင်ငံ၏ သုဝဏ္ဏဘူမိလေဆိပ်တွင် မျောက်ကျောက်ရောဂါ စောင့်ကြည့်စစ်ဆေးမှု စတင်လုပ်ဆောင်
By Mr John

 ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် ခရီးသွားများကို monkeypox ခေါ် မျောက်ကျောက်ရောဂါ စောင့်ကြည့်စစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဟု ရောဂါထိန်းချုပ်ရေးဌာန Department of Disease Control (DDC) အကြီးအကဲ Opas Karnkawinpong က ပြောသည်။ 

ကူးစက်မှုအန္တရာယ်မြင့်မားသူတွေကို စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း မျောက်ကျောက်ရောဂါ သယ်ဆောင်လာမှုကို ကူညီတားဆီးရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မျောက်ကျောက်ရောဂါဗိုင်းရပ်စ်မှာ နိုင်ငံအများအပြားတွင် ပျံ့နှံ့နေပြီး လူများကြား ခန္ဓာကိုယ်ချင်းထိတွေ့မှုကနေ ကူးစက်နိုင်ကြောင်း သိရသည်။ 

သုဝဏ္ဏဘူမိလေဆိပ်တွင် စောင့်ကြည့်စစ်ဆေးရာ၌ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားနေသည့် အာဖရိကအလယ်ပိုင်းရှိ နိုင်ဂျီးရီးယား၊ ကွန်ဂိုနှင့် ဥရောပနိုင်ငံအချို့ကဲ့သို့ ကူးစက်မှုအန္တရာယ်မြင့်မားသော နိုင်ငံများမှ ခရီးသွားများကို အာရုံစိုက်သွားမည် ဖြစ်သည်။

ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်များ အားလုံးတွင် ခရီးသွားများကို မျောက်ကျောက်ရောဂါ စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်ကြရန်၊ အထူးသဖြင့် ထိုရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလော တွေ့ရှိထားသည့် နိုင်ငံ (၁၇) ခုမှ ခရီးသွားများကို စောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Sathit Pitutecha က ပြောသည်။

ခရီးသွားများမှာ ခရီးထွက်မလာမီ ရောဂါလက္ခဏာမရှိနိုင်သော်လည်း ထိုင်းနိုင်ငံသို့ ရောက်ရှိလာချိန်တွင် ရောဂါလက္ခဏာပေါ်လာနိုင်သည်ဟု ဆိုသည်။ 

ထိုရောဂါလက္ခဏများမှ ကိုယ်အပူချိန် (၃၈) ဒီဂရီဆဲလ်စီးယပ် သို့မဟုတ် ပိုမြင့်နေခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ နောက်ကျောနာခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိမ့်ထွက်ခြင်း၊ အဖုအပိမ့်မှဖြစ်သော အနာစိုနှင့် အနာဖေးများရှိခြင်းတို့ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် (၂၁) ရက်အတွင်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုတွေ့ရှိထားသည့် နိုင်ငံများသို့ ခရီးသွားခဲ့သူ သို့မဟုတ် ထိုနိုင်ငံများတွင် နေထိုင်ခဲ့သူ ခရီးသွားများကို သုဝဏ္ဏဘူမိလေဆိပ်တွင် အထူးဂရုပြု စောင့်ကြည့်စစ်ဆေးသွားမည်ဟု ဆိုသည်။ 

လေဆိပ်ကိုရောက်ရှိလာသည့် ခရီးသွားများအနေဖြင့် ကျန်းမာရေးဆိုင်ကတ်တစ်ခုရယူရန် QR ကုတ်တစ်ခုကို scan ဖတ်ပြီး ထိုကတ်အတွင်း လိုအပ်သည့်အချက်အလက်များ ဖြည့်သွင်းရည်မည် ဖြစ်သည်။

လေဆိပ်ကိုရောက်ရှိလာပြီး မျောက်ကျောက်ရောဂါလက္ခဏာရှိသူတွေကို စောင့်ကြည့်အစီအစဥ်တွင် ထည့်သွင်းမည်ဖြစ်ပြီး အနီးဆုံး ဆေးရုံ၌ ဆရာဝန်နှင့် ပြသရမည်ဟု သိရသည်။ ထိုင်းနိုင်ငံ DDC က ထုတ်ပြန်ထားသည့် မျောက်ကျောက်ရောဂါ တားဆီးကာကွယ်ရေး စီမံဆောင်ရွက်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • - မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုများ တွေ့ရှိထားသည့်နိုင်ငံများမှ ပြန်လာသူတွေအနေဖြင့် ရောဂါလက္ခဏာကို (၂၁) ရက်ကြာ စောင့်ကြည့်သင့်။
  • - စနစ်တကျ စစ်ဆေးမှုမရှိဘဲ နိုင်ငံပြင်ပမှ တောရိုင်းတိရိစ္ဆာန်များကို သယ်ဆောင်မလာသင့်။
  • - ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရိစ္ဆာန်များ၏ သွေး၊ ခန္ဓာကိုယ်တွင်းအရည် သို့မဟုတ် အနာစိုများနှင့် တိုက်ရိုက်ထိတွေ့မှု ရှောင်ကြည်ပါ။
  • - ချက်ပြုတ်မထားသော အသားစိမ်းများစားခြင်း ရှောင်ကြည်ပါ။
  • - ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရိစ္ဆာန်များ သို့မဟုတ် လူများနှင့် ထိတွေ့ပြီးနောက် လက်ကို ဆပ်ပြာ သို့မဟုတ် အယ်လ်ကိုဟောပါသည့် လက်သန့်စင်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ။

ပုံမှန်အားဖြင့် တွေ့ရလေ့မရှိသည့် အာဖရိကပြင်ပ နိုင်ငံများတွင် လက်ရှိဖြစ်ပွားနေသော monkeypox ခေါ် မျောက်ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ကြောင်းနှင့် ထိုဗိုင်းရပ်စ်မှာ မျိုးဗီဇပြောင်းလဲသော အထောက်အထားမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က မေလ (၂၃) ရက်နေ့တွင် ပြောထားသည်။

အာဖရိကတိုက်ပြင်ပတွင် မေလအစောပိုင်းမှစပြီး တွေ့ရှိလာရသည့် မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများကို မေလ (၂၂) ရက်နေ့အထိ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂျာမနီ၊ ဂရိ၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်နှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် တွေ့ရှိထားသည်။ 

ပထမဆုံး ဖြစ်ပွားမှုကို လန်ဒန်မြို့တွင် တွေ့ရှိခဲ့ရပြီး နိုင်ဂျီးရီးယားနိုင်ငံသို့ ခရီးသွားခဲ့သည့် ဗြိတိသျှတစ်ဦးဖြစ်ကြောင်း သိရသည်။ 

ယခုအခါ ဗြိတိန်တွင် မျောက်ကျောက်ရောဂါ ပြည်တွင်းကူးစက်မှုများ တွေ့ရှိရကြောင်း အတည်ပြုထားသည်။

မျောက်ကျောက်ရောဂါကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။ 

အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် လတ်တလော နှစ်များအတွင်း လူဦးရေ ထောင်နှင့်ချီ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ဥရောနှင့် မြောက်အမေရိက အပါအဝင် အာဖရိပြင်ပနေရာများတွင်မူ ကူးစက်ဖြစ်ပွားမှု ရှားပါးသည်။

 

Source: Bangkok Post

Photo: Wichan Charoenkiatpakul