ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသော အတိုက်အခံပါတီများကို လူကြိုက်များ

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသော အတိုက်အခံပါတီများကို လူကြိုက်များ
By Mr John

 အရှေ့တောင်အာရှတွင် ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ခုနှစ် မေလ (၁၄) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ (၅၂) သန်းက ဆန္ဒမဲပေးကြမည် ဖြစ်သည်။ 

လူထုသဘောထား စစ်တမ်းများအရ ဒီမိုကရေစီလိုလားသော အဓိက အတိုက်အခံပါတီ (၂) ခုဖြစ်သည့် ဖူထိုင်းပါတီ (Pheu Thai) နှင့် Move Forward ပါတီတို့က စစ်တပ်နှင့်ဆက်နွယ်သော ကွန်ဆာဗေးတစ်များ ကျောထောက်နောက်ခံပြု ပါတီများထက် ပို၍လူကြိုက်များနေကြောင်း သိရသည်။

ဘီလျံနာ ရှင်နာဝပ်ထရာမိသားစု တည်ထောင်ခဲ့သည့် ဖူထိုင်းပါတီမှာ လူထုသဘောထားစစ်တမ်းတွင် လူကြိုက်အများဆုံးအဖြစ် ထိပ်ဆုံးမှ ဦးဆောင်နေသည်။ 

ရှင်နာဝပ်ထရာမိသားစုကို ဦးဆောင်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုများ မတိုင်မီ ရက်ပိုင်းမျှအလိုတွင် ထိုင်းနိုင်ငံသို့ ပြန်လာမည့် အစီအစဥ်ကို ကြေညာခဲ့ပြီး ဖူထိုင်းပါတီကို လူထုစိတ်ဝင်စားမှု မြှင့်တင်ခဲ့သည်။

ကွန်ဆာဗေးတစ် စံနှုန်းများကို စိန်ခေါ်ခြင်းဖြင့် ထိုင်းနိုင်ငံကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည့် ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြများအပြီး (၃) နှစ်အကြာတွင် အရှိန်ရလာသော Move Forward  ပါတီမှာ လူထုသဘောထားစစ်တမ်း၏ လူကြိုက်အများဆုံး ဒုတိယနေရာတွင် ရပ်တည်နေသည်။ 

လက်ရှိ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာမှာမူ လူထုစစ်တမ်းတွင် အတိုက်အခံများ၏နောက်၌ ကျန်ရစ်နေခဲ့သည်။

ရှင်နာဝပ်ထရာမိသားစု၏ ဖူထိုင်းပါတီက လွှတ်တော်အမတ်နေရာ အများစုတွင် အနိုင်ရဖွယ်ရှိနေသော်လည်း ဝန်ကြီးချုပ်နေရာကို သေချာပေါက် ရရှိမည်ဟု မပြောနိုင်သေးကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ 

ဖူထိုင်းပါတီက ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ အငယ်ဆုံးသမီး အသက် (၃၆) နှစ်အရွယ် ပက်သွန်တန်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်းထားသည်။

ထိုင်းရွေးကောက်ပွဲတွင် အောက်လွှတ်တော် (House of Representatives) အမတ်နေရာ (၅၀၀) နှင့် အထက်လွှတ်တော် (Senate) အမတ်နေရာ (၂၅၀) ကို မဲဆန္ဒရှင်များက မဲပေးရွေးချယ်မည် ဖြစ်သည်။ 

လူကြိုက်များနေသည့် ဖူထိုင်းပါတီက ညွှန့်ပေါင်းအဖွဲ့ မလိုအပ်သည့် အစိုးရတစ်ရပ်ဖွဲ့စည်းရန် လုံလောက်သော အမတ်နေရာများကို အနိုင်ရရန် ရည်မှန်းထားသည်။

အကယ်၍ ဖူထိုင်းပါတီက အစိုးရဖွဲ့ရန် လုံလောက်သည့် အမတ်နေရာ မရရှိပါက Move Forward ပါတီနှင့် ညွှန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ကြောင်း ခန့်မှန်းထားကြသည်။ 

မည်သို့ဆိုစေ မေလ (၁၄) ရက်တွင် ကျင်းပမည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲရလဒ်နှင့်အတူ ရှင်နာဝပ်ထရာမိသားစု၏ ဖူထိုင်းပါတီက တစ်ကျော့ပြန် အာဏာရလာမည်လားဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

 

Source: Reuters, CNA

Photo: Move Forward Party, Pheu Thai Party, United Thai Nation Party