အာဏာသိမ်း စစ်ကောင်စီအဖွဲ့ကို တရုတ်အစိုးရက ငြိမ်းချမ်းရေးအလှူငွေခေါင်းစဉ်ဖြင့် ထောက်ပံ့

အာဏာသိမ်း စစ်ကောင်စီအဖွဲ့ကို တရုတ်အစိုးရက ငြိမ်းချမ်းရေးအလှူငွေခေါင်းစဉ်ဖြင့် ထောက်ပံ့
ဇန်နဝါရီ 17, 2022 | နိုင်ငံတကာသတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်နှိမ်နှင်းနေသည့် အာဏာ စစ်ကောင်စီအဖွဲ့ကို တရုတ်အစိုးရက ငြိမ်းချမ်းရေးအလှူငွေခေါင်းစဉ်ဖြင့် ထောက်ပံ့ငွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက နေပြည်တော်တွင် ပေးအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ် - မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရန် အဆိုပါ အလှူငွေပေးသည့် အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ အလှူငွေကို အာဏာသိမ်းအဖွဲ့ဘက်မှ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့ တက်၍ လက်ခံကြသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်၍ စစ်တပ်က အာဏာသိမ်းမှုကို ဒီမိုကရေစီနိုင်ငံများက ချက်ချင်းဆိုသလိုပင် ရှုတ်ချကြောင်းသဘောထားထုတ်ပြန်ကြချိန်တွင် တရုတ်နိုင်ငံက နှုတ်ဆိတ်နေခဲ့ခြင်းဖြစ်သည်။

မြန်မာအပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ တရုတ်သံရုံးရှေ့တွင် ပြည်သူများက ဆန္ဒပြမှုနှင့်ရင်ဆိုင်လာရချိန်တွင် တရုတ်အစိုးရက မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများနှင့် တရုတ်အကျိုးစီးပွားများကို ကာကွယ်ပေးရန် အာဏာသိမ်းအဖွဲ့ကို တောင်းဆိုခဲ့သည်ကို တွေ့ရသည်။

အဆိုပါတောင်းဆိုချက်အရပင် အာဏာသိမ်းအဖွဲ့က ၎င်းတို့က လက်အောက်ခံ ရဲအဖွဲ့ကို တရုတ်အကျိုးစီးပွားနှင့် တရုတ်နိုင်ငံသားများ လုံခြုံရေးဆောင်ရွက်ကြရန် ညွန်ကြားချက်ထုတ်သည်ကိုလည်း တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံတွင် ယခင်ကတည်းက ရင်းနှီးမြုပ်နှံမှုအများအပြားရှိနေသည့် တရုတ်က အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများစွာ ထွက်ခွာသွားချိန်တွင် အခွင့်အရေးယူပြီး ရင်းနှီးမြုပ်နှံမှုများ ထပ်မံလုပ်ဆောင်နေသည်ဟု ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက The Diplomat ၏ စီးပွားရေးသတင်းဆောင်းပါးတွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

ယင်းကဲ့သို့ တရားဝင်ရင်းနှီးမြုပ်နှံမှုများအပြင် နယ်စပ်တလျှောက်အပါအဝင် မြန်မာနိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများ၏ တရားမဝင်လုပ်ငန်းများစွာလည်း အာဏာသိမ်းကာလအတွင်း ပို၍ကြီးထွားလာနေသည်ကို တွေ့နေရသည်ဟု ဒေသခံစီးပွားရေးသမားများထံမှ သိရသည်။