ရုရှား၏ ကျူးကျော်စစ်ကို ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံအား ဆက်လက်ကူညီထောက်ပံ့မည်ဟု အမေရိကန် သမ္မတပြော

 အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် ယူကရိန်း သမ္မတ ဇီလန်းစကီ [ Photo: AP ]
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် နှင့် ယူကရိန်း သမ္မတ ဇီလန်းစကီ [ Photo: AP ]
ရုရှား၏ ကျူးကျော်စစ်ကို ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံအား ဆက်လက်ကူညီထောက်ပံ့မည်ဟု အမေရိကန် သမ္မတပြော
ဖေဖော်ဝါရီ 22, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းကို ဆက်လက် ကူညီထောက်ပံ့သွားမည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စစ်ပွဲကာလ တစ်နှစ်ပြည့်မည့် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့ မတိုင်မီ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် အခိုင်အမာ‌ ပြောကြားလိုက်သည်။ 

အမေရိကန် သမ္မတ ဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုလည်း ထပ်မံ ရှုတ်ချလိုက်ပြီး ယူကရိန်း - ရုရှားစစ်ပွဲမှာ ပို၍ မသေချာသော အဆင့်သစ် တစ်ခုသို့ ရောက်ရှိလာသော်လည်း အမေရိကန်က ရပ်တည်ချက် ယိမ်ယိုင်းသွားမည် မဟုတ်ဟုလည်း ကတိပြုခဲ့သည်။

အမေရိကန်သမ္မတက ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲနှင့်ပတ်သက်၍ ပိုလန်နိုင်ငံတွင် အရေးပါသည့် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့စဥ်အတွင်း ထိုသို့ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။ 

ပူတင်၏ ဒီမိုကရေစီအပေါ် တိုက်ခိုက်ဖျက်ဆီးမှုကို ရင်ဆိုင်ရာတွင် အနောက်အုပ်စု ဆုံးဖြတ်ချက် ခိုင်မာလာကြောင်းလည်း ဘိုင်ဒန်က ဆိုသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်က ပိုလန်နိုင်ငံ ဝါဆောမြို့တွင် ယူကရိန်းအရေး မိန့်ခွန်းမပြောကြားမီ ယူကရိန်းနိုင်ငံသို့ ကြိုတင်ကြေညာမထားသည့် ခရီးစဥ်သွားရောက်ခဲ့ပြီး အားပေးထာက်ခံမှုကို ပြသခဲ့သည်။ 

"ရုရှား ကျူးကျော်ခဲ့တုန်းက ယူကရိန်းတင် စမ်းသပ်ခံခဲ့ရတာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံး စမ်းသပ်ခံနေခဲ့ကြရတာ။ ဥရောပလည်း စမ်းသပ်ခံနေခဲ့ရတယ်။ အမေရိကလည်း  စမ်းသပ်ခံနေခဲ့ရတယ်။ NATO လည်း စမ်းသပ်ခံနေခဲ့ရတယ်" ဟု ဘိုင်ဒန်က ယူကရိန်းခရီးစဥ်အတွင်း ပြောခဲ့သည်။

ပိုလန်နိုင်ငံတွင် ပြောကြားသည့် မိန့်ခွန်းတွင် အမေရိကန်သမ္မတဘိုင်ဒန်က "ယူကရိန်းဟာ ရုရှားအတွက် ဘယ်တော့မှ အောင်ပွဲတစ်ခု ဖြစ်လာမှာမဟုတ်ဘူး။" ဟု အမေရိကန်သမ္မတဘိုင်ဒန်က ထည့်သွင်းပြောကြားခဲ့သည်။ 

အမေရိကန်သမ္မတဘိုင်ဒန်က ပိုလန်နိုင်ငံတွင် မိန့်ခွန်းမပြောကြားမီ ရုရှားသမ္မတပူတင်ကလည်း စစ်ပွဲတစ်နှစ်ပြည့်ကာလ အရေးပါသည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့သေးသည်။

ပူတင်က ၎င်း၏မိန့်ခွန်းအတွင်း အမေရိကန် အပါအဝင် အနောက်အုပ်စုကို နျူကလီးယား သတိပေးခဲ့ပြီး အမေရိကန်နှင့် နျူကလီးယားလက်နက်ထိန်းချုပ်ရေး သဘောတူညီမှုများ ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့သည်။ 

ယူကရိန်းနိုင်ငံတွင် တစ်နှစ်ကြာခဲ့ပြီဖြစ်သည့် ရုရှား၏ ကျူးကျော်စစ်ပွဲကို ဆက်လက် ဆင်နွှဲသွားမည်ဟုလည်း သမ္မတပူတင်က ပြောဆိုလိုက်သလို အမေရိကန် ဦးဆောင်သည့် NATO စစ်ရေးမဟာမိတ်အုပ်စုက ကမ္ဘာ့ထိပ်တိုက်ရင်ဆိုင်မှုတွင် ရုရှား ရှုံးနိမ့်နိုင်သည်ဟု မှားယွင်းယူဆကာ ပဋိပက္ခကို မီးလောင်ရာလေပင့် လုပ်နေကြကြောင်း စွပ်စွဲခဲ့သည်။



Source: CNN