ဟန်ဂေရီတွင် ကုမ္ပဏီက ဝန်ထမ်းတစ်ဦးကို ၎င်း၏ လစာထက် (၃၆၇) ဆ ပို၍လွှဲပေးလိုက်မိ 

ဟန်ဂေရီတွင် ကုမ္ပဏီက ဝန်ထမ်းတစ်ဦးကို ၎င်း၏ လစာထက် (၃၆၇) ဆ ပို၍လွှဲပေးလိုက်မိ 
သြဂုတ် 26, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဟန်‌ဂေရီနိုင်ငံမှ အမျိုးသားတစ်ဦးမှာ ၎င်း အလုပ် လုပ်ကိုင်နေသော ကုမ္ပဏီက ၎င်း၏ အမှန်တကယ် လစာငွေထက် (၃၆၇) ဆ မတော်တဆ ပို၍လွှဲပေးလိုက်မိရာ ခဏတာ သူဌေးဖြစ်သွားခဲ့သည်။ 

အမည်မဖော်ပြသော ထိုအမျိုးသားက Kaposvár မြို့ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်ရောက်ခဲ့သော်လည်း အစမ်းခန့်ကာလအတွင်း အလုပ်ထုတ်ခံခဲ့ရသည်။

ကုမ္ပဏီတွင် တိုတောင်းသော အစမ်းခန့်ကာလသာ လုပ်ကိုင်ခဲ့ရာ ၎င်းရရှိမည့် အမှန်တကယ် လုပ်ခလစာမှာ ယူရိုငွေ (၂၃၈) နှင့် ညီမျှသော ဟန်ဂေရီ ဖောရင့်ငွေ (၉၂,၅၄၉) ဖြစ်သည်။ 

သို့သော် ကုမ္ပဏီက ထိုအမျိုးသား၏ ဩစတြီးယားနိုင်ငံမှ ဘဏ်အကောင့်သို့ ငွေလွှဲပေးရာတွင် ဟန်ဂေရီ ဖောရင့်ငွေကို ယူရိုငွေအဖြစ် တွက်ချက်ပြောင်းလဲပေးရမည့်အစား ယူရို (၉၂,၅၄၉) ကို မတော်တဆ မှားယွင်းလွှဲပေးခဲ့မိရာ အမှန်တကယ် ပေးရမည့် လုပ်ခလစာထက် (၃၆၇) ဆ ပိုများသွားခဲ့သည်။

လုပ်ခလစာငွေကို ပမာဏ မှားယွင်းပြီး ပိုလွှဲလိုက်မိကြောင်း သိရှိပြီးနောက် ဟန်ဂေရီကုမ္ပဏီက ထိုအမျိုးသားကို ဆက်သွယ်ပြီး ပိုနေသော ငွေများ ပြန်လွှဲပေးရန် ပြောခဲ့သည်။ 

သို့သော် ထိုအမျိုးသားက ဩစတြီးယားတွင် ဖွင့်လှစ်ထားသော ၎င်း၏ ဘဏ်အကောင့်ကို ဝင်ရောက်၍ မရတော့ကြောင်း၊ ထို့ကြောင့် ငွေများ ပြန်လွှဲမပေးနိုင်ဟု အကြောင်းပြန်ခဲ့သည်။ 

ထိုအခြေအနေကြောင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ထိုအမျိုးသားက ယူရို (၁၅,၅၀၀) ကို ဟန်ဂေရီတောင်ပိုင်းရှိ ATM တစ်ခုကနေ ထုတ်ယူပြီးဖြစ်ကြောင်းနှင့် ထိုငွေများကို အခြား ဘဏ်အကောင့်တစ်ခုသို့ လွှဲပြောင်းထားကြောင်း တွေ့ရှိရသည်။

ထို့နောက် Kaposvár ခရိုင် အစိုးရရှေ့နေရုံး၏ အကူအညီဖြင့် ကုမ္ပဏီက ထိုအမျိုးသား၏ ဩစတြီးယား ဘဏ်အကောင့်ကို ထိန်းချုပ်လိုက်ပြီး ငွေများကို ကုမ္ပဏီပိုင် ဘဏ်အကောင့်သို့ ပြန်လွှဲယူနိုင်ခဲ့သည်။ 

ကုမ္ပဏီက မတော်တဆ မှားယွင်းလွှဲပေးလိုက်မိသော ငွေများကို ပြန်ပေးရန် ငြင်းဆန်ခဲ့သည့် အမျိုးသားကို ဥပဒေကို ဆန့်ကျင်၍ ငွေများ အပိုင်သိမ်းမှုဖြင့် စွဲချက်တင်ထားပြီး ကြီးမားသော ငွေဒဏ်ရိုက်ခံရနိုင်သည်ဟု ဆိုသည်။

 ၂၀၂၂ ခုနှစ်အတွင်းကလည်း ယခုကဲ့သို့ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့ဖူးပြီး ချီလီနိုင်ငံမှ အမျိုးသားတစ်ဦးက ၎င်း၏လစာထက် (၂၆၈) ဆ ပို၍များပြားသော ငွေပမာဏကို မတော်တဆ လက်ခံရရှိခဲ့ပြီး ပြန်မပေးဘဲ တိမ်းရှောင်နေခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သေးသည်။ 

 

Source: OddityCentral, hug.hu