လေကြောင်းမှ တိုက်ခိုက်နေ၍ ဟားခါး - မတူပီလမ်းကို လတ်တလောမသုံးကြရန် CDF-Senthang အသိပေး

လေကြောင်းမှ တိုက်ခိုက်နေ၍ ဟားခါး - မတူပီလမ်းကို လတ်တလောမသုံးကြရန် CDF-Senthang အသိပေး
By Tachileik News Agency

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ဆဲန်ထန်းနယ်ကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် မေလ (၁၁)ရက်နေ့အကူး နံနက်အစောပိုင်း (၁၂)နာရီကျော်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်နေသဖြင့် ဟားခါး - မတူပီလမ်းအခြေအနေ မလုံခြုံသဖြင့် အသုံးမပြုကြရန် CDF-Senthang က သတိပေးထားသည်။

စစ်ကောင်စီတပ်က ယနေ့နံနက်အစောပိုင်းတွင်  ဆဲန်ထန်းနယ်ရှိ ခွာပီးရွာနှင့်  CDF-senthang ဌာနချုပ်တပ်စခန်းတို့ကိုထပ်မံဗုံးကြဲတိုက်ခိုက်နေသဖြင့် ဆဲန်ထန်းနယ်အတွင်းရှိ ဟားခါး-မတူပီလမ်းပိုင်းတွင် လုံခြုံမှူမရှိသေးသောကြောင့် မေလ(၁၁) ရက်နေ့မှစ၍ ယာယီပိတ်ထားကြောင်း CDF-Senthang က သတိပေးချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်က ဆဲန်ထန်းနယ်အတွင်းရှိ  CDF-senthang ဌာနချုပ်တပ်စခန်းအပြင် အရပ်သားများနေထိုင်ရာ ခွာပီးရွာတို့ကို မေလ (၈)ရက်နေ့ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် CDF-Senthang မှ တပ်ဖွဲ့ဝင် (၂)ဦးကျဆုံးပြီး ခွာပီးကျေးရွာမှ အရပ်သား (၃)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်‌ကောင်စီတပ်က ချင်းပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကို ၂၀၂၃ ခုနှစ်အတွင်း ပိုမိုပြုလုပ်လာပြီး မတ်လနှင့် ဧပြီလ (၂)လတာအတွင်း လေကြောင်းမှ ဗုံးအလုံးရေ  (၁၂၀) ကျော်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများအတွင်း ချင်းအမျိုးသားတပ်မတော် (CNA) ရဲဘော် (၂) ဦးနှင့် အရပ်သား (၂၄) ဦး သေဆုံးခဲ့ရကြောင်း ချင်းအမျိုးသားတပ်ဦး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။