ချောင်းဦးတွင် သိုးကျောင်းသားကို သတ်ကာ PDF ဟု စစ်ကောင်စီဝါဒဖြန့်

ချောင်းဦးတွင် သိုးကျောင်းသားကို သတ်ကာ PDF ဟု စစ်ကောင်စီဝါဒဖြန့်
စက်တင်ဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာ ပျူစောထီးစခန်းအနီးတွင် သိုးကျောင်းနေသည့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများက ပစ်သတ်ကာ PDFဟု စွပ်စွဲဝါဒဖြန့်ထားကြောင်း သိရသည်။

ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့ နေ့လယ်ပိုင်းက ကံကြီးကုန်းရွာ ပျူစောထီးစခန်းမှ အရှေ့ဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် သိုးအုပ်၊ နွားအုပ်များအား ရိက္ခာအဖြစ်အသုံးပြုရန် သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

သိုးအကောင်ရေ (၁၄၀)ဝန်းကျင်ပါသည့် သိုးအုပ်အား ကျောင်းနေသည့် ကိုဇော်ဌေးဆိုသူကို ပစ်သတ်ပြီး သိုးအုပ်ကို ယူဆောင်သွားပြီးနောက် ကိုဇော်ဌေးအား PDFဟု အမည်တပ်၍ ဝါဒဖြန့်နေခြင်းဖြစ်သည်ဟု ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံမှ သိရသည်။

ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့များ၏ လုပ်ရပ်များကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ၊ ပျူစောထီးများနှင့် နီးစပ်သောနေရာများသို့ သွားလာခြင်း မပြုလုပ်ကြရန်လည်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်က မေတ္တာရပ်ခံထားသည်။ 

စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ ကံကြီးကုန်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့်  PDFများ ပစ်ခတ်မှုဖြစ်ပြီး PDFတစ်လောင်း၊ လက်လုပ်သေနတ်တစ်လက်နှင့် (၁၂)ဗို့ကျည် (၇)တောင့်အား သိမ်းဆည်းရမိကြောင်း စွပ်စွဲဝါဒဖြန့်ထားသည်။

#TachileikNewsAgency