စေတုတ္ထရာမြို့နယ် ခိုနန်းကျေးရွာတွင် အာဏာသိမ်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန် လူမတွေ့ရ၍ ပစ္စည်းများဖျက်ဆီးပြီး ကား (၂)စီးကို မောင်းယူသွား

စေတုတ္ထရာမြို့နယ် ခိုနန်းကျေးရွာတွင် အာဏာသိမ်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးချိန် လူမတွေ့ရ၍ ပစ္စည်းများဖျက်ဆီးပြီး ကား (၂)စီးကို မောင်းယူသွား
နိုဝင်ဘာ 1, 2021 | အခြားဒေသများ

မကွေးတိုင်းဒေသကြီး၊ စေတုတ္ထရာမြို့နယ်၊ ခိုနန်းကျေးရွာမှ နေအိမ်တစ်လုံးကို အာဏာသိမ်းတပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ရှာဖွေစဉ် ၎င်းတို့ဖမ်းဆီးလိုသူအား မတွေ့သဖြင့် အိမ်ရှိပစ္စည်းများကိုဖျက်ဆီးကာ ကား (၂)စီးကို ယူသွားသည့်အပြင် အိမ်ကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။

အောက်တိုဘာ (၃၁) ရက်နေ့ ည (၉) နာရီခွဲလောက်မှာ အိမ်ကိုလာပြီး ရှာဖွေဖမ်းတယ်။ လူကိုမတွေ့တော့ အိမ်ကပစ္စည်းတွေ ဖျက်ဆီးထားခဲ့ပြီးတော့မှ သံသယဖြစ်စရာလည်း ဘာမှမတွေ့တော့ အိမ်မှာရှိတဲ့ကားတွေ ယူသွားတယ်။ အိမ်ကိုလည်း ချိတ်ပိတ်မယ်လို့တော့ ကြားတယ်။ အိမ်ကိုသော့ခတ်သွားတယ်။ ကျွန်တော်က နဂိုက NLD လှည့်လည်တုန်းက ဦးစီးလုပ်တာ လုပ်ခဲ့တယ်။ ပါတီဝင်တော့မဟုတ်ဘူး။ အဲဒါအခု အဖွဲ့အစည်းတွေကို လက်နက်ဝယ်ဖို့ ထောက်ပံ့တယ် စွပ်စွဲပြီးတော့ ဝင်ရှာတယ်

ဟု အာဏာသိမ်းတပ်က ရှာဖွေခံရသူ ဦးဝင်းအောင်က Tachileik News Agency သို့ နိုဝင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။

NLD ထောက်ခံသူ ဦးဝင်းအောင်၏ နေအိမ်ကို စစ်တပ်နှင့်ရဲ အင်အား (၄၀) ဝန်းကျင်ဖြင့် ဝင်စီးချိန်တွင် ဦးဝင်းအောင်တို့ မိသားစုမှာ အချိန်မီ တိမ်းရှောင်နိုင်ခဲ့ကြ၍ လွတ်မြောက်သွားကြသော်လည်း ပိုင်ဆိုင်မှုများကို အဓမ္မသိမ်းဆည်းခံလိုက်ရကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် စစ်တပ်နှင့်ရဲတို့က ဦီးဝင်းအောင်နေအိမ်မှ Toyota Wish (၁) စီးနှင့် Faw ကား (၁) စီးတို့ကို ယူသွားသည့်အပြင် အိမ်ကိုလည်း သော့ခတ်သွားကာ နေအိမ်အား ချိတ်ပိတ်မည်ဟု သတင်းများထွက်နေကြောင်းလည်း သိရသည်။

အာဏာသိမ်းအဖွဲ့သည် NLD ကိုယ်စားလှယ်များ၊ ထောက်ခံသူများကို အကြောင်းအမျိုးမျိုးဖြင့် စွပ်စွဲ၍ အကြမ်းဖက် လိုက်လံဖမ်းဆီးခြင်းများအပြင် ပိုင်ဆိုင်မှုများကိုပါ လိုက်လံသိမ်းဆည်းခြင်းများကို လုပ်လာခြင်းဖြစ်သည်။