မြန်မာ့အရေး ကိစ္စရပ်များ ပါဝင်သည့် NDAA 2023 ကို ‌အမေရိကန်အထက်လွှတ်တော်က အတည်ပြု

Photo: Wikipedia/Lawrence Jackson/whitehouse.gov/public domain
Photo: Wikipedia/Lawrence Jackson/whitehouse.gov/public domain
မြန်မာ့အရေး ကိစ္စရပ်များ ပါဝင်သည့် NDAA 2023 ကို ‌အမေရိကန်အထက်လွှတ်တော်က အတည်ပြု

မြန်မာ့အရေး ကိစ္စရပ်များ ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေး NDAA 2023 ကို အထက်လွှတ်တော်က ယနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် မဲခွဲအတည်ပြုလိုက်ပြီး အမေရိကန်သမ္မတဘိုင်ဒင်က လက်မှတ်ထိုး ထုတ်ပြန်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။

၎င်းဥပဒေကို အထက်လွှတ်တော်တွင် ထောက်ခံမဲ (၈၃)မဲ၊ ကန့်ကွက်မဲ(၁၁)မဲဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ပြီး မြန်မာ့အရေးမူဝါဒအဖြစ် အချက်(၈)ချက်ပါဝင်သည်ဟု သိရသည်။

ယင်းအချက်များမှာ မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တိုက်ပွဲဝင် နေမှုကို ဆက်လက်ထောက်ခံအားပေးရန်၊ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ၊ စစ်အာဏာရှင် အဆုံးသတ်ရေး တိုက်ပွဲဝင် နေသော မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံ ပြင်ပမှ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန် တို့ပါဝင်သည်။

လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ စစ်တပ်သည် အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိုအရပ်သား အုပ်ချုပ်မှုသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် လူနည်းတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်လည်း ပါဝင်သည်။

အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူအခွင့်အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားများအပေါ်ကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်၊ စစ်တပ်ကို ထောက်ခံနေသော တရုတ်နှင့်ရုရှားကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်၊ စစ်တပ်၏ ကျူးလွန်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာ ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက် ပေးရန်လည်း ပါဝင်သည်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ မြန်မာပြည်တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ်သန်းခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန်တို့လည်း ပါဝင်သည်။ 

မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စီးပွားရေးများ၊ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများကို အမေရိကန်က  အရေးယူရန်အပြင် PDF နှင့် EAOများကို အမေရိကန်က နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီပေးရေးတို့ကိုလည်း ဖော်ပြထားသည်။

၎င်းဥပဒေကို အောက်လွှတ်တော်တွင် ဒီဇင်ဘာလ (၈)ရက်က အတည်ပြုခဲ့သေးသည်။

#TachileikNewsAgency