ပခုက္ကူခရိုင်အတွင်းရှိ စစ်ကောင်စီ ကင်းစခန်းကုန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်း

ပခုက္ကူခရိုင်အတွင်းရှိ စစ်ကောင်စီ ကင်းစခန်းကုန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ချေမှုန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ စစ်ကောင်စီ ကင်းစခန်းကုန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်ဒေသ အမှတ် (၈၁၅)တပ်ဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် မေလ (၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်(ပေါက်မြောက်ပိုင်း)တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီ၏ ရွှေဘုံသာပျူရွာ ကင်းစခန်းကုန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီကင်းစခန်းကုန်းအား မေလ (၁)ရက်နေ့ မနက်ရှစ်နာရီခန့်တွင် Droneဖြင့် ဗုံးသီးချခြင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ပြီးနောက် မနက်ကိုးနာရီခွဲခန့်တွင် မြေပြင်တိုက်ခိုက်ရေးအင်အားစုများဖြင့် တက်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းကုန်းမှ ဖရိုဖရဲထွက်ပြေးသွားကြပြီး စစ်ကောင်စီဘက်မှ ကျဆုံးမှုနှင့် ထိခိုက်မှုများကို အတည်မပြုနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ စခန်းရရှိခဲ့သော်လည်း စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူနှင့် ခြေလျှင်စစ်ကြောင်းထိုးလာမှုတို့ကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနောက်မြောက်ဒေသ အမှတ် (၈၁၅)၊ ပခုက္ကူတပ်ရင်း (၁၆) ခွဲ(၁) ခွဲ(၂) ခွဲ(၄)၊ ဖီးနစ်ပြောက်ကျားတပ်ဖွဲ့ ၊ PDO/POA၊ PDF၊ မဟာမိတ်တပ်ပေါင်းစု (MUGDF)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ ၊ RDFနှင့် YRGတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency