COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ကြောင်း WHO ကြေညာ

COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ကြောင်း WHO ကြေညာ
By Mr John

COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ၂၀၂၃ခုနှစ် မေလ (၅) ရက်နေ့တွင် ကြေညာလိုက်သည်။ 

WHO ၏ ယခုကြေညာမှုက ကမ္ဘာတဝန်း လူ (၆.၉) သန်း သေဆုံးခဲ့ရပြီး တစ်ကမ္ဘာလုံးတွင် စီးပွားရေး အနှောင့်အယှက်ဖြစ်စေကာ လူ့အဖွဲ့အစည်းကို ဖျက်ဆီးခဲ့သည့် ကပ်ရောဂါ အဆုံးသတ်ရေး အဓိက ခြေလှမ်းလည်း ဖြစ်သည်။

WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာ ကော်မတီက မေလ (၄) ရက်နေ့တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး COVID-19 မှာ နိုင်ငံတကာအတွက် စိုးရိမ်ရသည့် အများပြည်သူဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မဟုတ်တော့ကြောင်း ကြေညာရန် ထောက်ခံချက်ပေးခဲ့ကြောင်း သိရသည်။ 

WHO က COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် (၃) နှစ်ကျော်ကြာ သတ်မှတ်ထားခဲ့သည်။

"COVID-19 က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ်ကနေ ကျော်လွန်ပြီးဆုံးသွားပြီလို့ ကျွန်တော် ကြေညာပါတယ်" ဟု WHO အထွေထွေညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus က ပြောသည်။ 

အရေးပေါ်အခြေအနေ ပြီးဆုံးသွားခြင်းက COVID-19 မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဟု မဆိုလိုကြောင်း Tedros က ဖြည့်စွက်ပြောခဲ့သည်။

WHO ၏ အရေးပေါ်အခြေအနေဆိုင်ရာ ကော်မတီက လွန်ခဲ့သည့် (၃) နှစ်ကျော်ဖြစ်သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ် သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ သတ်မှတ်ကြေညာခြင်းဖြင့် နိုင်ငံတကာက ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် အာရုံစိုက်လာစေရန်နှင့် ကာကွယ်ဆေးနှင့် ကုသမှုများတွင်လည်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် အထောက်အကူ ဖြစ်သည်။ 

ကျန်းမာရေးအရေးပေါ် အခြေအနေကို ရုပ်သိမ်းလိုက်ခြင်းမှာ ကမ္ဘာက COVID-19 နှင့် ပတ်သက်၍ လုပ်ဆောင်ခဲ့မှု တိုးတက်သည့် လက္ခဏာဖြစ်ကြောင်း WHO က ဆိုသည်။ 

သို့သော် COVID-19 မှာ ကျန်းမာရေး အရေးပေါ်အခြေအနေ မဟုတ်တော့သည့်တိုင် ကမ္ဘာတွင် ဆက်ရှိနေမည်ဟု WHO က ပြောခဲ့သည်။ 

 

Source: Reuters