တာချီလိတ်မြို့ ဝမ်မိုင်ဘုန်းကြီးကျောင်းတွင် ရန်ကုန်မြို့က ပြန်လာသည့် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီးမှ Covid-19 ပိုးတွေ့

တာချီလိတ်မြို့ ဝမ်မိုင်ဘုန်းကြီးကျောင်းတွင် ရန်ကုန်မြို့က ပြန်လာသည့် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီးမှ Covid-19 ပိုးတွေ့
ဇူလိုင် 24, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာရှိ ဝမ်မိုင်ဘုန်းကြီးကျောင်းတွင် ရန်ကုန်က ပြန်လာသည့် အသက်(၇၀)နှစ်ဝန်းကျင်ရှိ ဘုန်းကြီးတစ်ပါးသည် နေမကောင်းဖြစ်နေပြီးနောက် ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့ ညပိုင်းတွင်  ပျံလွန်တော်မူနေသည်ကို တွေ့ရ၍ စစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိကြောင်း သိရသည်။

ရန်ကုန်က ပြန်လာတာ တစ်ပတ်လောက်ရှိပြီ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဖျားတယ်ပြောတယ်။ ဒီနေ့ အခန်းထဲကနေ ထွက်မလာလို့ သွားကြည့်တော့ သေနေတာလို့ ပြောလာတယ်။ အဲ့ဒါ ကျန်းမာရေးက ကိုဗစ် စစ်ကြည့်လိုက်တော့ ကိုဗစ် တွေ့တာ

ဟု တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပျံလွန်တော်မူနေသူမှာ သက်တော် (၇၀)နှစ် ဝန်းကျင်၊ ဝါတော်(၉)ဝါရှိ ဆရာတော် ဦးသုမန(ခ)ရွှေနားလေး ဟု သိရပြီး ရန်ကုန်မှ ပြန်ရောက်သည် အခြား ထိတွေ့မှု ရှိမရှိကိုတော့ စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၄)ရက်နေ့ နံနက်ပိုင်းကလည်း မကာဟိုခမ်းရပ်ကွက်အတွင်း ကိုးမြို့ရှင်နတ်နန်းအနီးရှိ ရှမ်းရွာအတွင်းမှ အသက်(၇၁)နှစ်အရွယ် ရောဂါအခံရှိသူ ပိုးတွေ့ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့သည်။

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရှိပြီးနောက် အသက်(၆၃)၊(၆၅)၊(၇၀) နှင့် (၇၁)နှစ်အရွယ်ရှိ သက်ကြီးရွယ်အို စုစုပေါင်း (၄)ဦးအထိ သေဆုံးမှုများရှိလာနေပြီဖြစ်သည်။