ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံတွင် COVID-19 ပဋိပစ္စည်းများရှိနေပြီဟု WHO ပြော

ကမ္ဘာ့လူဦးရေ သုံးပုံနှစ်ပုံတွင် COVID-19 ပဋိပစ္စည်းများရှိနေပြီဟု WHO ပြော
By Mr John

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း သို့မဟုတ် ကာကွယ်ဆေးထိုးထားခြင်းကြောင့် ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံတွင် COVID-19 ပဋိပစ္စည်းများရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောသည်။ 

Seroprevalence ဟု ခေါ်ဝေါ်သည့် အချိုးအစားအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလက ကမ္ဘာ့လူဦးရေ (၁၆) ရာခိုင်နှုန်းတွင် COVID-19 ပဋိပစ္စည်းများရှိခဲ့ရာမှ အောက်တိုဘာလတွင် (၆၇) ရာခိုင်နှုန်းထံတွင် ပဋိပစ္စည်းများရှိလာခဲ့သည်ဟု ဆိုသည်။

ပိုမိုကူးစက်မြန်သည့် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ် ပေါ်ထွက်လာခဲ့ရာ COVID-19 ပဋိပစ္စည်းများ (Covid-19 antibodies) ရှိနေသည့် လူဦးရေကိန်းဂဏန်းမှာ ပို၍ပင်များနိုင်ကြောင်းလည်း WHO က ဆိုသည်။ 

ပဋိပစ္စည်းများရှိနေခြင်းဖြင့် ရောဂါကူးစက်မှုကို ခံနိုင်ရည်ရှိလာကြောင်း သိရသည်။

 WHO ၏ အချက်အလက်အရ ကပ်ရောဂါကို ကမ္ဘာက ခံနိုင်ရည်ရှိမှု မည်မျှတိုးမြင့်လာကြောင်း သိနိုင်သည်ဟု ဆိုသည်။

ကာကွယ်ဆေးများက အိုမီခရွန်ဗိုင်းရပ်စ်ကို အတန်အသင့်သာ ကာကွယ်ပေးနိုင်သော်လည်း နိုင်ငံများအနေဖြင့် အထူးသဖြင့် ကူးစက်ခံရမှုအန္တရာယ်မြင့်မားသည့် အုပ်စုများအတွက် ကာကွယ်ဆေးထိုးနှုန်း မြှင့်တင်ရန် WHO က တိုက်တွန်းနေဆဲ ဖြစ်သည်။ 

ကာကွယ်ဆေးထိုးထားခြင်းက ယခင်က COVID-19 ကူးစက်ခံခဲ့ရမှုထက် ရောဂါပြင်းထန်မှုကို ပိုမိုကာကွယ်ရန်ပေးနိုင်ခြင်းကြောင့် WHO က ထိုသို့ တိုက်တွန်းခြင်းလည်း ဖြစ်သည်။

ဗီဇပြောင်း ဗိုင်းရပ်စ်အသစ်များကို ကာကွယ်နိုင်မှုကို အတိအကျ မပြောနိုင်သော်လည်း COVID-19 ကူးစက်ခံရသူများနှင့် ကာကွယ်ဆေးထိုးထားသူများမှာ ရောဂါပြင်းထန်မှုကို အကောင်းဆုံး ကာကွယ်မှုရရှိထားကြောင်း လေ့လာမှုအများစုက တွေ့ရှိထားသည်ဟု WHO က ပြောသည်။ 

WHO ၏ အချက်အလက်များအရ အသက် (၉) နှစ်နှင့်အောက် ကလေးများနှင့် အသက် (၆၀) နှစ်အထက် အရွယ်များတွင် COVID-19 ပဋိပစ္စည်းရှိမှုမှာ အသက် (၂၀) နှစ်ကျော် အရွယ်များနှင့် နှိုင်းယှဥ်ပါက လျော့နည်းကြောင်း သိရသည်။ 

ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ် နိုင်ငံများတွင် ပဋိပစ္စည်းများရရှိမှုမှာ ကာကွယ်ဆေးထိုးခြင်းထက် ယခင်က ကူးစက်ခံရမှုကနေ အများဆုံး ရရှိခဲ့ကြသည်ဟု ဆိုသည်။ 

လူ့ခန္ဓာကိုယ်တွင်း ပဋိပစ္စည်းများရှိနေမှုမျာ ယေဘုယျအားဖြင့် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာကြောင်းနှင့် ရောဂါကာကွယ်သည့် ကိုယ်ခံစွမ်းအားရှိခြင်းမှာ အကြောင်းရင်းများစွာပေါ်တွင် မူတည်နေကြောင်း WHO က ပြောသည်။ ရောဂါကာကွယ်မှု မည်မျှလျင်မြန်စွာ လျော့နည်းလာကြောင်းကို သိရှိဆုံးဖြတ်နိုင်ရန် နောက်ထပ် လေ့လာမှုများ လိုအပ်နေကြောင်းလည်း WHO က ဖြည့်စွက်ပြောခဲ့သည်။

Source: Bloomberg