Covid-19 မူလဇစ်မြစ်ရှာဖွေမှုကို ဦးဆောင်ခဲ့သည့် သိပ္ပံပညာရှင်အား WHO က အလုပ်ထုတ်

Covid-19 မူလဇစ်မြစ်ရှာဖွေမှုကို ဦးဆောင်ခဲ့သည့် သိပ္ပံပညာရှင်အား WHO က အလုပ်ထုတ်
By Mr John

 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ (COVID-19) ၏ မူလဇစ်မြစ်ကို ရှာဖွေသိရှိရန် လွန်ခဲ့သည့် (၂) နှစ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) မှ ထိပ်တန်းကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့သူ သိပ္ပံပညာရှင်အား လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူခြင်းကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း WHO က ပြောသည်။

တရုတ်နိုင်ငံရှိ သိပ္ပံပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်သည့် WHO ဘက်မှ အဖွဲ့ကို ဦးဆောင်ခဲ့သူ ပီတာဘင်အမ်ဘာရက်ခ် (Peter Ben Bmbarek) ကို ၂၀၂၂ ခုနှစ်တွင် အလုပ် ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း WHO က ဆိုသည်။ 

လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူမှု၊ အမြတ်ထုတ်မှုနှင့် နှောင့်ယှက်မှုတို့ကို ဖော်ထုတ်ရန် မကြာသေးမီလများအတွင်း အရှိန်မြှင့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြောင်း WHO က ဆိုသည်။

WHO စုံစမ်းစစ်ဆေးရေးအဖွဲ့က ဘင်အမ်ဘာရက်ခ်နှင့် ပတ်သက်သည့် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူများ တွေ့ရှိရပြီးနောက် ၎င်းကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ပြောခွင့်ရအမျိုးသမီး မာစီယာပိုလီက အီးလ်မေးတွင် ပြောထားသည်။ 

စစ်ဆေးတွေ့ရှိချက်များမှာ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်မှ စွပ်စွဲမှုများနှင့် သက်ဆိုင်ပြီး WHO စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၈ ခုနှစ်တွင် ပထမဆုံး စွပ်စွဲတိုင်ကြားမှုကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

အခြား စွပ်စွဲမှုများကိုမူ လိင်ပိုင်းဆိုင်ရာ မလျော်မကန် ပြုမူခံရသူများက စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဥ်တွင် ပါဝင်လိုခြင်းမရှိမှုကြောင့် အပြည့်အဝ စုံစမ်းစစ်ဆေးနိုင်ခြင်းမရှိကြောင်းလည်း မာစီယာက ပြောသည်။ 

WHO ၏ ပြောကြားမှုနှင့် ပတ်သက်၍ သိပ္ပံပညာရှင် ဘင်အမ်ဘာရက်ခ်၏ မိုဘိုင်းဖုန်းကို မေလ (၄) ရက်နေ့က ဖုန်းခေါ်ဆိုမှု သို့မဟုတ် စာတိုပေးပို့မှုဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ချက်ချင်း တုံ့ပြန်ခဲ့ခြင်းဟု ဆိုသည်။ 

၎င်းကို WHO က အလုပ်ထုတ်လိုက်ကြောင်း သတင်းကို The Financial Times က ပထမဆုံး သတင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။

တိရိစ္ဆာန်များမှ လူသားသို့ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ ကျွမ်းကျင်သူဖြစ်သည့် ဒိန်းမတ်လူမျိုး ဘင်အမ်ဘာရက်ခ်က ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်သိပ္ပံပညာရှင်အဖွဲ့နှင့်အတူ COVID-19 ကပ်ရောဂါ၏ မူလဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ရန် လုပ်ဆောင်ခဲ့သော WHO ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

 WHO နှင့် တရုတ် ပူးပေါင်းအဖွဲ့ကို ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။

ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ခဲ့စဥ်အတွင်း WHO ဝန်ထမ်းများက ဒါဇင်နှင့်ချီသည့် အမျိုးသမီးများအား စနစ်တကျ အကွက်ချ၍ လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူခဲ့ကြောင်း ၂၀၂၀ ခုနှစ်တွင် ပထမဆုံးအကြိမ် သတင်းများ ထွက်ပေါ်လာခဲ့သည်။ 

ထိုသတင်းများ ထွက်ပေါ်လာပြီးနောက် WHO က လိင်ပိုင်းဆိုင်ရာ အခွင့်အရေးယူမှု၊ အမြတ်ထုတ်မှုနှင့် နှောင့်ယှက်မှုတို့ကို စုံစမ်းစစ်ဆေး ဖော်ထုတ်ရန် လုပ်ဆောင်နေကြောင်း ပြောထားသည်။

WHO ညွှန်ကြားချက်အောက်တွင် လုပ်ကိုင်နေသည့် ဝန်ထမ်း (၈၀) ကျော်နှင့် လုပ်ဖော်ကိုင်ဖက်များမှာ အမျိုးသမီးများနှင့် ငယ်ရွယ်သည့် မိန်းကလေးများကို အဓ္ဓမ ကျင့်ခဲ့ကြောင်း၊ အလုပ်အကိုင်ရရှိလိုပါက လိင်ဆက်ဆံပေးရမည်ဟု တောင်းဆိုခဲ့ကြောင်းနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရသူအချို့ကို အတင်းအကျပ် ကိုယ်ဝန်ဖျက်ချစေကြောင်း စွပ်စွဲခံထားရပြီး WHO သမိုင်းတစ်လျှောက် အကြီးဆုံး လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုမူမှု အရှုပ်အထွေးလည်း ဖြစ်လာခဲ့သည်။

 

Source: ABC News