ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ ငရဲပြည်တမျှ လုံးဝပျက်စီးသွား

Photo: Reuter
Photo: Reuter
ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသ ငရဲပြည်တမျှ လုံးဝပျက်စီးသွား
By Mr John

ရုရှားတပ်ဖွဲ့များက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို မြေပြင်နှင့် ဝေဟင်မှ အကြီးအကျယ် တိုက်ခိုက်နေပြီး အနည်းဆုံး အရပ်သား (၁၃) ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ၂၀၂၂ ခုနှစ်၊ မေလ (၂၀) ရက်တွင် ပြောသည်။ 

ရုရှားတိုက်ခိုက်မှုကြောင့် ဒွန်ဘတ်စ်ဒေသမှာ ငရဲပြည်တမျှ လုံးဝပျက်စီးသွားပြီဟု ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ဆိုသည်။ 

စစ်ပွဲကာလ သုံးလနီးပါးရှိလာချိန်တွင် ရုရှားတို့က ဒွန်ဘတ်စ်ဒေသကို ထိန်းချုပ်ရန် အပြင်းအထန် ကြိုးပမ်းနေကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က ပြောသည်။

ရုရှားတပ်ဖွဲ့များက အရပ်သားနေရာများကို ဒုံးကျည်ပစ်လွှတ်မှုအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရုရှားစစ်လေယာဥ်များကလည်း လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းစစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဒွန်ဘတ်စ်ဒေသ၏ Luhansk နယ်မြေတွင် ရုရှားက အမြောက်များ၊ ဗုံးများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား (၁၃) ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Serhiy Gaidai က ပြောသည်။ 

သေဆုံးသူများအနက် (၁၂) ဦးမှာ Sievierodonesk မြို့တွင်ဖြစ်ပြီး ရုရှားတို့က ထိုမြို့ကို တိုက်ခိုက်ချေမှုန်းမှု မအောင်မြင်ခဲ့ကြောင်း ဆိုသည်။

ဒွန်ဘတ်စ်ဒေသတွင် ရုရှား၏ တိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးသည့်သတင်းများကို သီးခြား အတည်မပြုနိုင်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ 

ရုရှားကမူ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ 

"ဒွန်ဘတ်စ်က လုံးဝပျက်စီးသွားပြီ။ အဲဒီမှာ ငရဲပဲ - ပိုပြောတာမဟုတ်ဘူး" ဟု ယူကရိန်းသမ္မတ ဇီလန်းစကီးက မေလ (၁၉) ရက် ညပိုင်းမိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့သည်။

ရုရှားက ယူကရိန်းကို ဖေဖေါ်ဝါရီ (၂၄) ရက်တွင် ကျူးကျော်ခဲ့ပြီးနောက် ကိဗ်မြို့တော်နှင့် အနီးတဝိုက်ကို အလျင်အမြန် သိမ်းပိုက်ထိန်းချုပ်ရန် ကြံရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ထိုနေရာများမှ ၎င်း၏တပ်ဖွဲ့များ ပြန်ဆုတ်ခွာသွားပြီးနောက် ယခုအခါ ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို အာရုံစိုက်ပြီး တိုက်ခိုက်နေခဲ့ပြီး ထိုဒေသတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ 

ရုရှားစစ်တပ်က Luhansk နယ်မြေအတွင်းရှိ Lysychansk မြို့နှင့် Severodonetsk မြို့ ဧရိယာများအတွင်း ရှေ့တိုးလာနေသည်ဟု ယူကရိန်းစစ်တပ်က ပြောသည်။

ယူကရိန်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း အရပ်သားအများစု အပါအဝင် လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ကြသည်။ ယခုသီတင်းပတ်အတွင်း ရုရှားထိန်းချုပ်မှုအောက် ကျရောက်သွားခဲ့သည့် မာရီယူပိုးမြို့တစ်မြို့တည်း၌ပင် လူဦးရေ ထောင်နှင့်ချီ သေဆုံးခဲ့သည်။

 မာရီယူပိုးမြို့ရှိ Azovstal သံမဏိစက်ရုံကြီးထဲမှ အရပ်သားများကို မကြာသေးမီ သီတင်းပတ်များအတွင်း ရွှေ့ပြောင်းပေးခဲ့ပြီးနောက် ယခုသီတင်းအတွင်း ကျန်ရှိနေသည့် ယူကရိန်းစစ်သား (၂,၀၀၀) နီးပါး လက်နက်ချခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က မေလ (၂၀) ရက်တွင် ပြောသည်။ ထိုစက်ရုံထဲမှ ယူကရိန်းစစ်သားများကို ရုရှားထိန်းချုပ်သည့် နယ်မြေများသို့ ရွှေ့ပြောင်းခေါ်ဆောင်သွားခဲ့သည်။

ဆက်စပ်သတင်းတစ်ရပ်အရ ရုရှားနှင့် စစ်ဖြစ်နေသည့် ယူကရိန်းကို အမေရိကန်ဒေါ်လာ (၄၀) ဘီလီယံ အကူအညီများပေးမည့် အစီအစဥ်ကို အမေရိကန်ဆီးနိတ်လွှတ်တော်က လက်ခံအတည်ပြုလိုက်ကြောင်း သိရသည်။ 

လွှတ်တော်က အတည်ပြုလိုက်သည့် ထိုငွေပမာဏတွင် စစ်ရေးအကူအညီပေးရန် ဒေါ်လာ (၂၀) ဘီလီယံကျော်၊ စီးပွားရေးကူညီထောက်ပံ့မှုအတွက် ဒေါ်လာ (၈.၅) ဘီလီယံနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ဒေါ်လာ (၃) ဘီလီယံ ပါဝင်မည်ဖြစ်ပြီး စစ်ပွဲကြောင့် ကမ္ဘာတဝန်း စားနပ်ရိက္ခာပြတ်လပ်မှုကို ကူညီရန်အတွက်လည်း ပါဝင်သည်ဟု ဆိုသည်။

Source: Reuters