ထိုင်းနိုင်ငံမှ ထွက်ပြေးသွားသည့် မျောက်ကျောက်ရောဂါလူနာ နိုင်ဂျီးရီးယားအမျိုးသားကို ကမ္ဘောဒီးယားနိုင်ငံတွင် ဖမ်းမိ

ထိုင်းနိုင်ငံမှ ထွက်ပြေးသွားသည့် မျောက်ကျောက်ရောဂါလူနာ နိုင်ဂျီးရီးယားအမျိုးသားကို ကမ္ဘောဒီးယားနိုင်ငံတွင် ဖမ်းမိ
ဇူလိုင် 24, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်လူနာအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ထွက်ပြေးသွားသည့် နိုင်ဂျီးရီးယားအမျိုးသားကို ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ အသက် (၂၇) နှစ်အရွယ် နိုင်ဂျီးရီးယားအမျိုးသားကို ဖူးခက်တွင် စစ်ဆေးမှုအရ မျောက်ကျောက်ရောဂါရှိကြောင်း တွေ့ရှိခဲ့ရသည်။



ထို့နောက် မျောက်ကျောက်ရောဂါလူနာ နိုင်ဂျီးရီးယားအမျိုးသားက ၎င်းကို ကုသပေးနေသည့် ဖူးခက်ရှိ ဆေးရုံမှ ထွက်ပြေးသွားခဲပြီး ပျောက်ဆုံးနေရာ သက်ဆိုင်ရာ ထိုင်းအစိုးရတာဝန်ရှိသူများက ရှာဖွေနေခဲ့သည်။

၎င်းကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ ဈေးတစ်ခုတွင် ဇူလိုင်လ (၂၃) ရက် မွန်းလွဲပိုင်းက ဖမ်းမိခဲ့ကြောင်း ဖနွမ်းပင်လက်ထောက်မြို့တော်ဝန် Keut Chhe ကို ကိုးကားပြီး Khmer Times သတင်းက ဖော်ပြသည်။



နိုင်ဂျီးရီးယားအမျိုးသားကို ဖမ်းမိခဲ့ပြီးနောက် ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ထိုအမျိုးသားမှာ ကမ္ဘောဒီယားတွင် တွေ့ရှိရသည့် ပထမဆုံး မျောက်ကျောက်ရောဂါ ကူးစက်ခံရသူလည်း ဖြစ်လာခဲ့ရာ တာဝန်ရှိသူများက နိုင်ငံအတွင်းသို့ ၎င်းဝင်ရောက်လာပြီးနောက် သွားရောက်ခဲ့သည့်နေရာများနှင့် ထိတွေ့မှုရှိခဲ့သူများကို ခြေရာခံရှာဖွေနေသည်။



နိုင်ဂျီးရီးယားအမျိုးသား၏ မိုဘိုင်းဖုန်းအချက်ပြမှုကို ထိုင်းနယ်စပ်ပြည်နယ်တစ်ခုတွင် ထောက်လှမ်းတွေ့ရှိခဲ့ရပြီးနောက် ၎င်းက ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ဇူလိုင်လ (၂၂) ရက်နေ့၌ နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားခဲ့သည်ဟု ယူဆရကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန Department of Disease Control (DDC) အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Opas Karnkawinpong က ပြောသည်။



ကမ္ဘောဒီးယားမှ နောက်ဆက်တွဲသတင်းများအရ မျောက်ကျောက်ရောဂါလူနာ နိုင်ဂျီးရီးယားအမျိုးသားက နိုင်ငံအတွင်းရောက်ရှိခဲ့ပြီးနောက် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းမြို့ Sihanoukville သို့ သွားရောက်ရန်စီစဥ်ထားခဲ့နိုင်ကြောင်း ယူဆခဲ့သည်။

သို့သော် ၎င်းက ထိုအပန်းဖြေစခန်းမြို့အစား ပြည်ပရောက် နိုင်ဂျီးရီးယားများ အများအပြားရှိနေသည့် ဖနွမ်းပင်မြို့သို့ သွားရောက်ခဲ့ကြောင်း Khmer Times က ဖော်ပြသည်။



နိုင်ဂျီးရီးယားအမျိုးသားက အခြားလူများ၏ အကူအညီဖြင့် ဆေးရုံမှ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းထွက်ပြေးနိုင်ရန် ပူးပေါင်းကြံစည်ခဲ့သူများကို အရေးယူနိုင်ရေး ရဲတပ်ဖွဲ့ထံ တိုင်ကြားသွားမည်ဟု ထိုင်းနိုင်ငံ DDC အကြီးအကဲ ဒေါက်တာ Opas က ပြောသည်။

နိုင်ဂျီးရီးယားအမျိုးသားမှာ ကိုယ်ပူ၊ ချောင်းဆိုး၊ လည်ချောင်းနာပြီး နှာရည်ယိုသော လက္ခဏာများနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆေးရုံတက်ခဲ့သည်ဟု ဆိုသည်။



၎င်း၏ လိင်အင်္ဂါတွင်လည်း အဖုနှင့် အနာများရှိခဲ့ပြီး ထိုအဖုနှင့်အနာများမှာ ၎င်း၏ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် မျက်နှာသို့ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ထို့နောက် Thai Red Cross Emerging Infectious Diseases Clinical Center ထံမှ PCR စစ်ဆေးမှုအရ ထိုအမျိုးသားထံတွင် မျောက်ကျောက်ရောဂါရှိကြောင်း ဇူလိုင်လ (၁၉) ရက်နေ့က တွေ့ရှိခဲ့ရသည်။ နောက်ပိုင်းတွင် ထိုအမျိုးသားထံ၌ မျောက်ကျောက်ဗိုင်းရပ်စ်ရှိကြောင်း DDC ဓာတ်ခွဲခန်းကလည်း စစ်ဆေးအတည်ပြုခဲ့သည်။



လူများတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။ အာဖရိက အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် လတ်တလော နှစ်များအတွင်း လူဦးရေ ထောင်နှင့်ချီ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားခဲ့ပြီး ဥရောနှင့် မြောက်အမေရိက အပါအဝင် အာဖရိပြင်ပနေရာများတွင်မူ ကူးစက်ဖြစ်ပွားမှု ရှားပါးခဲ့သည်။



သို့သော် ယခုနှစ် မေလမှစပြီး အာဖရိကပြင်ပ အထူးသဖြင့် ဥရောပဒေသတွင် မျောက်ကျောက်ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ကြေညာခဲ့သည်။



Source: Bangkok Post, Khmer Times