ဗြိတိန်တွင် အရက်ဆိုင်နှင့်စားသောက်ဆိုင် သုံးပုံတစ်ပုံကျော်က လျှပ်စစ်သုံးစွဲခ  ကုန်ကျစရိတ် ချွေတာရန် ဆိုင်ဖွင့်ချိန်များ လျှော့ချ 

Photo: Justin Tallis/AFP/Gett
Photo: Justin Tallis/AFP/Gett
ဗြိတိန်တွင် အရက်ဆိုင်နှင့်စားသောက်ဆိုင် သုံးပုံတစ်ပုံကျော်က လျှပ်စစ်သုံးစွဲခ  ကုန်ကျစရိတ် ချွေတာရန် ဆိုင်ဖွင့်ချိန်များ လျှော့ချ 
နိုဝင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဗြိတိန်တွင် အရက်ဆိုင်နှင့် စားသောက်ဆိုင်များ၏ သုံးပုံတစ်ပုံကျော်က စွမ်းအင်ကုန်ကျစရိတ် ချွေတာရန် ၎င်းတို့၏ ဆိုင်ဖွင့်ချိန်များကို ပြီးခဲ့သည့် (၃) လအတွင်း လျှော့ချခဲ့ကြကြောင်း စာရင်းအင်းဌာနက ပြောသည်။ 

အရက်ဆိုင်၊ ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များ၏ (၆) ရာခိုင်နှုန်းက တစ်ပတ်လျှင် နောက်ထပ် (၂) ရက် ဆိုင်ပိတ်ရက် တိုးမြှင့်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြပြီး (၇) ရာခိုင်နှုန်းက ဆိုင်ဖွင့်ရက် တစ်ရက်လျှော့ချခဲ့ကြောင်း သိရသည်။

ထိုဆိုင်များ၏ (၂၁) ရာခိုင်နှုန်းမှာ ဆိုင်ဖွင့်ရက်များကို လျှော့ချခြင်း မပြုခဲ့သော်လည်း ဆိုင်ဖွင့်ချိန်များကို လျှော့ချခဲ့ကြကြောင်း Office for National Statistics (ONS) က နိုဝင်ဘာလ (၁၄) ရက်တွင် ပြောသည်။ 

ဆိုင်ဖွင့်ချိန်လျှော့ချခြင်းကို ဗြိတိန်စီးပွားရေး၏ အခြားကဏ္ဍများထက် ဧည့်ခံပြုသည့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ပို၍တွေ့ရသည်။ 

အခြား လုပ်ငန်းများတွင်မူ (၇) ရာခိုင်နှုန်းက ထိုသို့ အလုပ်ချိန်လျှော့ချခဲ့သည်ဟု ဆိုသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့ထံ လာရောက်စားသောက်သူများမှာ စွမ်းအင်ကုန်ကျစရိတ် ကြီးမြင့်မှုကို ကြုံတွေ့လာရမှုကြောင့်လည်း အရက်ဆိုင်နှင့် စားသောက်ဆိုင်ကဲ့သို့ ဧည့်ဝတ်ပြုသည့် လုပ်ငန်းအများအပြားတွင် ရောင်းအားလျော့ကျခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာလအတွင်း ဗြိတိန်အစိုးရက စီးပွားရေးလုပ်ငန်းများအတွက် စွမ်းအင်သုံးစွဲစရိတ်များ ယာယီသက်သာခွင့်ပေးကြောင်း ကြေညာခဲ့သော်လည်း ထိုဆောင်ရွက်မှုက ဧည့်ဝတ်ပြုသည့် စီးပွားရေးလုပ်ငန်းများ၏ စွမ်းအင်ကုန်ကျစရိတ်အတွက် စိုးရိမ်ပူပန်နေရမှုကို အနည်းငယ်မျှသာ ပြောင်းလဲစေကြောင်း ONS က ပြောသည်။

ပြီးခဲ့သည့်လအတွင်း UKHospitality ၏ ပြောကြားမှုအရ စွမ်းအင်နှင့် အခြား ကုန်ကျစရိတ်များ မြင့်တက်လာခြင်းနှင့် စားသုံးသူများ ငွေသုံးစွဲမှု လျော့ကျလာခြင်းတို့ကြောင့် လာမည့်နှစ်အစောပိုင်းတွင် ဧည့်ဝတ်ပြုသည့် စီးပွားရေးလုပ်ငန်းကဏ္ဍ၏ သုံးပုံတစ်ပုံကျော်မှာ ပြိုလဲမည့်အန္တရာယ်ရှိနေကြောင်းလည်း သိရသည်။ 

ထို့အတူ ဝန်ထမ်းခန့်ထားမှုတွင်လည်း စိန်ခေါ်မှုရှိနေကြောင်း UKHospitality ဆိုသည်။

သို့သော် အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းများက နိုဝင်ဘာလတွင် ဆက်ဖွင့်သွားရန် စီစဥ်ထားကြောင်း ONS စစ်တမ်းက ဖော်ပြသည်။ 

ONS စစ်တမ်းအရ ကုမ္ပဏီများ၏ (၄) ရာခိုင်နှုန်းက တစ်ပတ်လျှင် တစ်ရက် ဖွင့်လှစ်ချိန်များ လျှော့ချသွားရန် စီစဥ်ထားကြောင်းနှင့် (၇) ရာခိုင်နှုန်းမှာ ပြီးခဲ့သည့် (၃) လအတွင်း ထိုကဲ့သို့ ဖွင့်လှစ်ချိန်များ လျှော့ချခဲ့ကြကြောင်း သိရသည်။

ခရစ်စမတ်ကာလမှာ ဗြိတိန်ရှိ ဧည့်ဝတ်ပြုသည့် စီးပွားရေးလုပ်ငန်း အားလုံးနီးပါးအတွက် အဓိက ဝင်ငွေရသည့်အချိန်ဖြစ်ပြီး ယခုနှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကြည်ရှုသူများထံမှ ဝင်ငွေပိုမိုရရှိလာမည်ဟု မျှော်လင့်ထားကြသည်။ 

ဗြိတိန်တဝန်း အရက်ဆိုင် (၉၀၀) နီးပါးရှိသည့် Wetherspoon ကုမ္ပဏီ၏ အဆိုအရ မကြာသေးမီက ရောင်းအားကျဆင်းနေသော်လည်း ပြီးခဲ့သည့် သီတင်းပတ်တွင်း သတိထားပြီး အကောင်းမြင်စရာ ရောင်းအားရှိလာခဲ့ကြောင်း သိရသည်။

Source: Reuters