ကရင်မလင်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု ယူကရိန်းနှင့် အမေရိကန်ကို စွပ်စွဲပြီးနောက် ရုရှားက ယူကရိန်းကို ဒရုန်းဖြင့် တိုက်ခိုက်

Photo: Reuter မေလ ၄ ရက်နေ့က ကိဗ်ယက်မြို့ကို ရုရှားက ဒရုန်းဖြင့်တိုက်ခိုက်စဉ်
Photo: Reuter မေလ ၄ ရက်နေ့က ကိဗ်ယက်မြို့ကို ရုရှားက ဒရုန်းဖြင့်တိုက်ခိုက်စဉ်
ကရင်မလင်ကို ဒရုန်းဖြင့် တိုက်ခိုက်မှု ယူကရိန်းနှင့် အမေရိကန်ကို စွပ်စွဲပြီးနောက် ရုရှားက ယူကရိန်းကို ဒရုန်းဖြင့် တိုက်ခိုက်
By Mr John

ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ကရင်မလင်နန်းတော်ကို ၂၀၂၃ ခုနှစ် မေလ (၃)ရက်နေ့တွင် ယူကရိန်းက ဒရုန်းဖြင့် တိုက်ခိုက်ပြီး နောက်ကွယ်တွင် အမေရိကန် ရှိနေသည်ဟု  ရုရှား၏ စွပ်စွဲချက်ကို ယူကရိန်းကလည်း ငြင်းဆိုထားသည့်နည်းတူ အမေရိကန်ကလည်း သက်သေမရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ငြင်းဆိုထားသည်။

သို့သော် ရုရှားက အဆိုပါတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ယူကရိန်းနိုင်ငံ ကိဗ်မြို့တော် အပါအဝင် ယူကရိန်းမြို့များကို တိုက်ခိုက်ရေး ဒရုန်းများဖြင့် မေလ (၄)ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

ပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ်က မေလ (၃)ရက်နေ့ အစောပိုင်းက ကရင်မလင်နန်းတော်အနီး ဒရုန်းတိုက်ခိုက်မှုကို အမေရိကန် ညွှန်ကြားချက်အရ ယူကရိန်းက တိုက်ခိုက်သည်ဟုဆိုကာ  သက်သေအထောက်အထားမပေးဘဲ သတင်းထောက်များအား ထပ်တလဲလဲစွပ်စွဲ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စွပ်စွဲချက်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ အိမ်ဖြူတော်၏ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကမူ ပက်စ်ကော့ဗ်က လိမ်လည်နေခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံက ယူကရိန်းကို ၎င်း၏ နယ်စပ်ပြင်ပကို တိုက်ခိုက်ရန် အားမပေးခဲ့သလို ကူညီပေးခဲ့ခြင်းမရှိကြောင်း တုံ့ပြန်ခဲ့ပြီး ကရင်မလင်တွင် ဘာဖြစ်ခဲ့သည်ကို အတိအကျ မသိသေးကြောင်း ပြောခဲ့သည်။

ယူကရိန်းအစိုးရကလည်း ကရင်မလင်နန်းတော်ကို ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားအနောက်ပိုင်းနှင့် ရုရှားထိန်းချုပ်ထားသည့် ခရိုင်မီးယားဒေတွင် ကုန်တင်ရထားများနှင့် လောင်စာဆီသိုလှောင်ရုံများ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကရင်မလင်နန်းတော် ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ 

ရထားနှင့် လောင်စာဆီသိုလှောင်ရုံ ပေါက်ကွဲမှုများမှာ ယူကရိန်းလက်ချက်ဖြစ်ကြောင်း ရုရှားက စွပ်စွဲထားသည်။

ထိုအတောအတွင်း နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးကို လာရောက်ခဲ့သည့် ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပူတင်ကို စစ်ပွဲနှင့် ပတ်သက်၍ တရားစီရင်ရမည်ဖြစ်ပြီး ယူကရိန်းက ထိုရည်ရွယ်ချက်ဖြင့် ခုံရုံးအသစ်တစ်ခု ဖွဲ့စည်းတည်ထောင်ရန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။



Source: Reuters