ယူကရိန်း၏ Drone တိုက်ခိုက်မှုကို ကာကွယ်ရန် ရှရှားစစ်တပ်က ကြံရာမရဖြစ်ပြီး စစ်လေယာဉ််များပေါ်  ကားတာယာများဖြင့် ဖုံးအုပ် ကာကွယ်နေရ

ယူကရိန်း၏ Drone တိုက်ခိုက်မှုကို ကာကွယ်ရန် ရှရှားစစ်တပ်က ကြံရာမရဖြစ်ပြီး စစ်လေယာဉ််များပေါ်  ကားတာယာများဖြင့် ဖုံးအုပ် ကာကွယ်နေရ
စက်တင်ဘာ 9, 2023 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားတပ်ဖွဲ့များက ၎င်းတို့၏ တိုက်ခိုက်ရေး စစ်လေယာဥ်အချို့ကို ကားတာယာများဖြင့် စတင် ဖုံးအုပ်နေကြပြီး ကျွမ်းကျင်သူများ၏ အဆိုအရ ယူကရိန်း ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်ရန် ကြံရာမရ ယာယီကြိုးပမ်းမှုဖြစ်နိုင်ကြောင်း သိရသည်။ 

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများ မြင့်တက်နေခဲ့ပြီး မကြာသေးမီက ရုရှား စစ်ဘက်လေယာဥ်ကွင်းများကို ပစ်မှတ်ထားသည့် ဒရုန်းတိုက်ခိုက်မှုများတွင် အောင်မြင်မှုရရှိခဲ့သည်။

Maxar Technologies ဂြိုဟ်တုနည်းပညာကုမ္ပဏီမှ ရရှိထားသော ရုရှားနိုင်ငံ အတွင်းပိုင်းကျသည့် နေရာတွင်တည်ရှိသော Engels လေတပ်စခန်း၏ ဂြိုဟ်တုပုံရိပ်များအရ Tu-95 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဥ် (၂) စီးကို ကားတာယာများဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရသည်။ 

ရုရှား ဗုံးကြဲလေယာဥ်ပေါ်တွင် မည်သည့်အတွက် ကားတာယာများ ထားရှိကြောင်း သီးခြားအတည်မပြုနိုင်သော်လည်း ကျွမ်းကျင်သူများကမူ ယူကရိန်းဒရုန်းများကို ကာကွယ်ရန် ကြံရာမရ ကြိုးပမ်းမှုဖြစ်နိုင်ကြောင်း ပြောကြသည်ဟု CNN သတင်းက ဖော်ပြသည်။

ရုရှား၏ ယခုကြိုးပမ်းမှုက အကန့်အသတ်ရှိသော အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ယူကရိန်းစစ်တပ်က အသုံးပြုနေသည့် ဒရုန်းများကို ထုတ်လုပ်သော One Way Aerospace ကုမ္ပဏီမှ Francisco Serra-Martins က ပြောသည်။ 

ထိုအတောအတွင်း အမည်မဖော်သူ NATO စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးကလည်း ဒရုန်းတိုက်ခိုက်မှုကို ကာကွယ်ရန် ရုရှားက ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆကြောင်းနှင့် အကျိုးသက်ရောက်မှုရှိ မရှိ မသိကြောင်း CNN ကို ပြောသည်။



Source: CNN

Photo: Maxar Technologies, U.S. Army National Guard