Total နှင့် Chevron ရေနံကုမ္ပဏီကြီးနှစ်ခု မြန်မာနိုင်ငံကနေ ထွက်ခွာ တော့မည်

Total နှင့် Chevron ရေနံကုမ္ပဏီကြီးနှစ်ခု မြန်မာနိုင်ငံကနေ ထွက်ခွာ တော့မည်
ဇန်နဝါရီ 21, 2022 | နိုင်ငံတကာသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖေါက်မှု ဆိုးဆိုးဝါးဝါးဖြစ်ပျက်နေသည့် မြန်မာနိုင်ငံမှ  ထွက်ခွာတော့မည်ဖြစ်ကြောင်း မြန်မာ့သဘာဝဓါတ်ငွေ့ကဏ္ဍ၏ အကြီးဆုံးရင်းနှီးမြုပ်နှံမှုလုပ်ငန်းများဖြစ်ကြသည့် တိုတယ် ( Total Energies )နှင့် ရှယ်ဗရွန် ( Chevron Corp ) တို့က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ကုမ္ပဏီကြီးနှစ်ခုသည် နိုင်ငံအတွက် အခွန်ဝင်ငွေများစွာရသည့် မြန်မာ့ကမ်းလွန်သဘာဝဓါတ်ငွေ့လုပ်ငန်း ရတနာပိုက်လိုင်းစီမံကိန်းနှင့် မြန်မာ - ထိုင်းနယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးစနစ်ကို အကျိုးတူပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က ဖေဖေါ်ဝါရီလ အာဏာစသိမ်းချိန်မှစ၍ လုံခြုံရေးအဖွဲ့များဖြစ်သည့် စစ်တပ်နှင့်ရဲကိုသုံး၍  လူပေါင်း (၁၄၀၀)ကျော်ကို သတ်ပစ်ခဲ့ကြပြီး ထောင်ပေါင်းများစွာ ဖမ်းဆီးခံနေကြရကြောင်း AAPP က ရရှိသည့်စာရင်းကို အခြေခံ၍ ထုတ်ပြန်ထားသည်။

ယင်းအပြင် အာဏာသိမ်းအဖွဲ့သည် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် တူမီးကိုင်ပြည်သူ့တော်လှန်ရေးအင်အားစုအပြင် အရပ်သားနေထိုင်ရာများပါမရှောင် လေကြောင်းမှပါ တိုက်ခိုက်နေသည့်အတွက် အာဏာသိမ်းစစ်ကောင်စီကို အထောက်အပံ့ဖြစ်စေသည့် ဘဏ္ဍာငွေဖြတ်တောက်နိုင်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းများက သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။

သွေးစွန်းငွေ (Blood Money) ဖြတ်တောက်ရေးလှုပ်ရှားမှုက စစ်တပ်အနေဖြင့် နိုင်ငံခြားဝင်ငွေရရှိမှု ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများက စစ်တပ်နှင့် အလုပ်တွဲလုပ်ခြင်း၊ အဆက်အသွယ်လုပ်ခြင်းကို ရပ်တန့်စေရန် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

အဆိုပါ လှုပ်ရှားမှုများတွင်  မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ဖြင့် ချိတ်ဆက်အလုပ်လုပ်နေသည့် ရေနံ ကုမ္မဏီများကို ဖိအားပေးခြင်းအား အစပြုလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်  မြန်မာနိုင်ငံရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းအများအပြား ထွက်ခွာသွားခဲ့ကြသည့်အပြင် ဘဏ်လုပ်ငန်းများလည်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ပြည်သူအများစု စီးပွားရေးချွတ်ခြုံကျသွားကြသော်လည်း အာဏာသိမ်းအဖွဲ့က အာဏာသိမ်းမှုအောင်မြင်ရေးအတွက် ဆက်လက်ကြိုးစားနေဆဲဖြစ်သည်ကို တွေ့ရသည်။

#TachileikNewsAgency