မြောက်ကိုရီးယားက ရုရှားကို လက်နက်များထောက်ပံ့ပေးနေကြောင်း အမေရိကန်သတင်းများက ဖော်ပြ

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် နှင့် ရုရှားသမ္မတ  ဗလာဒီမာ ပူတင် [ Photo: AP ]
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင် [ Photo: AP ]
မြောက်ကိုရီးယားက ရုရှားကို လက်နက်များထောက်ပံ့ပေးနေကြောင်း အမေရိကန်သတင်းများက ဖော်ပြ
စက်တင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေသည့် ၎င်း၏တပ်ဖွဲ့များကို ထောက်ပံ့ရေးမှာ အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများကြောင့် အခက်‌တွေ့နေသည့် ရုရှားနိုင်ငံက လက်နက်များကို မြောက်ကိုရီးယားထံမှ ဝယ်ယူနေရကြောင်း သိရသည်။ 

အမေရိကန်မီဒီယာက သတင်းဖော်ပြမှုအရ ရုရှားက မြောက်ကိုရီးယားထံမှ အမြောက်ဆန်နှင့် ဒုံးကျည်များ ဝယ်ယူခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားက အီရန်နိုင်ငံထုတ် ဒရုန်းများ မှာကြားဝယ်ယူမှု၏ ပထမအသုတ်ကို လက်ခံရရှိခဲ့ကြောင်းလည်း အမေရိကန်သတင်းများက ပြောသည်။ 

ယူကရိန်းစစ်ပွဲမှာ ရှည်ကြာနေရာ ရုရှားက မြောက်ကိုရီးယားထံမှ နောက်ထပ် စစ်လက်နက်များ ဝယ်ယူရလိမ့်မည်ဟု အမေရိကန်အစိုးရအရာရှိတစ်ဦးက ဆိုသည်။

အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများကို သိသိသာသာ ကြုံနေကြရသည့် အီရန်နှင့် မြောက်ကိုရီးယားတို့ကလည်း ဗလာဒီမာပူတင်က ယူကရိကန်းကို ကျူးကျော်ခဲ့ပြီးနောက် ရုရှားနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်လာခဲ့သည်။ 

ကင်မ်ဂျုံအန်အစိုးရက ယူကရိန်းစစ်ပွဲ ဖြစ်ပွားရခြင်းအတွက် အမေရိကန်ကို အပြစ်တင်ခဲ့ပြီး အနောက်အုပ်စုက ဩဇာလွှမ်းမိုးသည့် မူဝါဒကို ကျင့်သုံးနေခြင်းကြောင့် ရုရှားက အင်အားသုံးခဲ့ရခြင်းဖြစ်ကြောင်း စွပ်စွဲထားသည်။

လက်ရှိတွင် ယူကရိန်းနိုင်ငံတဝန်း ရုရှားဒုံးကျည်ဖြင့် တိုက်ခိုက်မှုအသစ်များ ရှိနေခဲ့ပြီး Kryvyi Rih ဧရိယာတွင် လောင်စာဆီသိုလှောင်ရုံတစ်ခု မီးလောင်ခဲ့ပြီး Kharkiv မြို့တွင်လည်း လူသေဆုံးသည့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း သိရသည်။ 

ယူကရိန်း အရှေ့မြောက်ပိုင်းရှိ Kharkiv မြို့တွင် ရုရှားတိုက်ခိုက်မှုကြောင့် တိုက်ခန်းတွဲတစ်ခု၏ အပေါ်ဘက်ပိုင်း ထိမှန်ပျက်စီးခဲ့ပြီးနောက် အမျိုးသမီးတစ်ဦး၏ အလောင်းကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက ပြောသည်။

#TachileikNewsAgency

Source: BBC