ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်းက အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးခံမည်မဟုတ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်းက အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးခံမည်မဟုတ်
By Mr John

အဂတိလိုက်စားမှုစွဲချက်များနှင့် ရင်ဆိုင်နေရသည့် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်းက အာမခံဖြင့် လွတ်နေစဥ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက ပြုလုပ်သော စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်သွားမည် မဟုတ်ကြောင်း ၂၀၂၃ ခုနှစ် မေလ (၁၈) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

ပါကစ္စတန်နိုင်ငံ National Accountability Bureau (NAB) မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူအားလုံးကို တရားစွဲဆိုပြီး ထောင်ချခဲ့သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

NAB က ဝန်ကြီးချုပ်ဟောင်းခန်းကို အဂတိလိုက်စားမှု စွဲချက်များကို စုံစမ်းစစ်ဆေးမှုအတွက် ဆင့်ခေါ်ထားကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ 

ဝန်ကြီးချုပ်ဟောင်းခန်းကို မေလ (၉) ရက်နေ့တွင် စွဲချက်များဖြင့် ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကာ အာမခံသက်တမ်းကို မေလ (၃၁) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း သိရသည်။

NAB လက်ထောက်ညွှန်ကြားရေးမှူးထံ လိပ်မူထားသည့် ခန်း၏ ထုတ်ပြန်ချက်ကို ၎င်း၏ရှေ့နေတစ်ဦးက Reuters သတင်းဌာနအား ပြသခဲ့သည်။

ထိုထုတ်ပြန်ချက်တွင် ၎င်းအပေါ် စွပ်စွဲချက်များမှာ လုံးဝ မှားယွင်းကြောင်းနှင့် လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း ပြောထားသည်။

ပါကစ္စတန်တွင် ဝန်ကြီးချုပ်ဟောင်းခန်းကို ဖမ်းဆီးခဲ့ပြီးနောက် နိုင်ငံတဝန်း ဆန္ဒပြ ဆူပူအုံကြွမှုများ ပေါ်ပေါက်ခဲ့ပြီး အနည်းဆုံး လူ (၈) ဦး သေဆုံးခဲ့သည်။

နောက်ပိုင်းတွင် ခန်းနှင့် ၎င်း၏ဇနီးတို့ကို အာမခံဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

လူဦးရေ သန်း (၂၂၀) ရှိ ပါကစ္စတန်နိုင်ငံမှာ အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှ ငွေကြေးအကူအညီ အရေးတကြီး လိုအပ်နေခြင်းဖြစ်သည်။ 

ထိုအခြေအနေတွင် ဝန်ကြီးချုပ်ဟောင်းခန်း၏ အမှုကိစ္စက နိုင်ငံရေးအကျပ်အတည်းပါ ပေါ်ပေါက်လာစေနိုင်ဖွယ်ရှိနေသည်ဟု ခန့်မှန်းထားကြသည်။

Source: Reuters