တရုတ်ကွန်မြူနစ်ပါတီထက် အသက်ပိုကြီးသည့် အသက် (၁၀၅) နှစ်အရွယ် ညီလာခံ ကိုယ်စားလှယ်

တရုတ်ကွန်မြူနစ်ပါတီထက် အသက်ပိုကြီးသည့် အသက် (၁၀၅) နှစ်အရွယ် ညီလာခံ ကိုယ်စားလှယ်
အောက်တိုဘာ 19, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ ဘေဂျင်းမြို့ရှိ Great Hall of the Peopl တွင် ကျင်းပနေသည့် ကွန်မြူနစ်ပါတီညီလာခံသို့ တက်ရောက်လာသော ကိုယ်စားလှယ် (၂,၃၀၀) နီးပါးအနက် အသက်အကြီးဆုံး ကိုယ်စားလှယ်ဖြစ်သူ အသက် (၁၀၅) နှစ်အရွယ် ပါတီအရာရှိဟောင်း Song Ping ကို တွေ့ရမည်ဖြစ်သည်။ 

၁၉၁၇ ခုနှစ်တွင် မွေးဖွားခဲ့သူ Song က တရုတ်ကွန်မြူနစ်ပါတီ China Communist Party (CPC) ထက် အသက်ပိုကြီးသူလည်း ဖြစ်သည်။

၎င်းက တရုတ်နိုင်ငံတွင် အရေးပါသည့် နိုင်ငံဩဇာကြီးမားသူတစ်ဦးဖြစ်ပြီး ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုကော်မတီ Poliburo Standing Committee ၏ အဖွဲ့ဝင်အဖြစ် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ 

Song က ၁၉၃၀ ပြည့်လွန်နှစ်များမှစပြီး တရုတ်နိုင်ငံရေးနယ်ပယ်တွင် တက်ကြွစွာ ပါဝင်ခဲ့ကာ မော်စီတုန်းလက်ထက်ကတည်းက CPC ခေါင်းဆောင်များ၏ မျိုးဆက်အားလုံးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သူလည်း ဖြစ်သည်။

ရှန်းတုန်းပြည်နယ် Rizhao မြို့တွင် မွေးဖွားခဲ့သူ Song က Tsinghua တက္ကသိုလ်တွင် ဓာတုဗေဒဘာသာရပ်ဖြင့် တက်ရောက်ခဲ့သည်။ 

Song က ၁၉၃၇ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်သူ Zhou Enlai ၏ နိုင်ငံရေးဆိုင်ရာ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော်စီမံကိန်းကော်မရှင်၏ ဒုတိယဝန်ကြီး ဖြစ်လာခဲ့သည်။

၁၉၇၀ ပြည့်လွန်နှစ်များတွင် Song က Gansu ပြည်နယ်ဆိုင်ရာ ပါတီကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၂ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တရုတ်သမ္မတဖြစ်ခဲ့သူ ဟူဂျင်တောင် (Hu Jintao) ကို ထောက်ခံအားပေးခဲ့သည်ဟု ဆိုသည်။ 

၎င်း၏ နိုင်ငံရေးစွမ်းရည်ကြောင့်လည်း ၂၀၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တရုတ်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ Wen Jiabao ကို လမ်းညွှန်ဆရာဖြစ်ခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် Song က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကော်မရှင်၏ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ထိုအတောအတွင်း နိုင်ငံတော်ကောင်စီဝင်လည်း ဖြစ်လာခဲ့သည်။ 

ထို့နောက် ၁၉၈၇ ခုနှစ်တွင် Song က တရုတ်ကွန်မြူနစ်ပါတီ စည်းရုံးရေးဌာန၏ အကြီးအကဲ တာဝန်ယူလာခဲ့သည်။ 

နောက်ပိုင်းတွင် Song က ကွန်မြူနစ်ပါတီတွင်းနှင့် တရုတ်နိုင်ငံရေး၌ လေးစားခံရသူနှင့် ဩဇာကြီးမားသူ ဖြစ်လာခဲ့သည်။

အတည်မပြုနိုင်သည့် ဖြစ်ရပ်တစ်ခုအရ ၁၉၈၈ ခုနှစ်တွင် ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံအတွင်း Song က တရုတ်နိုင်ငံ၏ နာမည်ကြီးခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping) ကို မိန့်ခွန်းပြောစင်မြင့်တွင် ဆေးလိပ်မသောက်ရန် ပြောထားသည့် စာတိုလေးတစ်ခု ပေးခဲ့သည်ဟု ဆိုသည်။ 

တိန့်ရှောင်ဖိန်က ထိုစာတိုကို မြင်ခဲ့ပြီးနောက် ၎င်း၏ စီးကရက်ကို အလျင်အမြန် မီးငြှိမ်းသတ်လိုက်ပြီး ထိုဖြစ်ရပ်နောက်ပိုင်း မည်သည့်အခါမျှ မိန့်ခွန်းပြောစင်မြင့်တွင် ဆေးလိပ်မသောက်တော့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ သက်တော်ရှည် နိုင်ငံရေးသမား Song က အသက် (၇၂) နှစ်အရွယ်တွင် ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ 

ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့မှာ တရုတ်နိုင်ငံ၏ အရေးအကြီးဆုံး အဖွဲ့အစည်းနှင့် နိုင်ငံရေးဩဇာအရှိဆုံး ဖြစ်သည်။ 

ထို့နောက် ၁၉၉၂ ခုနှစ် ၎င်း၏အသက် (၇၅) နှစ်အရွယ်တွင် Song က ပါတီအရာရှိအဖြစ်မှ အငြိမ်းစားယူလိုက်သည်။

သို့သော် Song က တရုတ်နိုင်ငံရေးတွင် ပါဝင်နေဆဲဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကျင်းပသည့် ကွန်မြူနစ်ပါတီညီလာခံသသို့ ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ရောက်လာခဲ့သည်။ 

အောက်တိုဘာလ (၁၆) ရက်မှ (၂၂) ရက်အထိ ကျင်းပနေသည့် ကွန်မြူနစ်ပါတီညီလာခံက သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်ကို သမ္မတအဖြစ် တတိယသက်တမ်း ဆက်လက် တာဝန်ယူခွင့်ပြုသွားမည်ဖြစ်ရာ အကယ်၍ ၎င်းဆန္ဒရှိပါက တစ်သက်တာ သမ္မတလုပ်ခွင့်ရရှိသွားစေမည်ဟု ဆိုသည်။

Source: WhatsOnWeibo

Photo: Noel Celis/AFP, Jade Gao/AFP, tshinflux/Twitter, Nikkei montage/Kyodo/Reuters