လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာနိုင်ငံသား (၁၀၀) နေရပ်ပြန်ခွင့်ရမည့် ပထမအသုတ်တွင် Covid-19 စစ်ဆေးမှုအရ (၃၃)ဦးသာ ပြန်ခွင့်ရ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာနိုင်ငံသား (၁၀၀) နေရပ်ပြန်ခွင့်ရမည့် ပထမအသုတ်တွင် Covid-19 စစ်ဆေးမှုအရ (၃၃)ဦးသာ ပြန်ခွင့်ရ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့တွင် ပထမအသုတ်အဖြစ်  နေရပ်ပြန်မည့် မြန်မာနိုင်ငံသား (၁၄၀) ကို ဘိုကျောက်ကျန်းမာရေးဌာနက COVID 19 စစ်ဆေးရာမှ Negative ထွက်သူ (၃၃) ဦးကိုသာ ပြန်လွှဲပေးလာပြီးနောက် မြန်မာဘက်တွင် ထပ်မံစစ်ဆေးရာ (၁)နှစ်အရွယ်ကလေးငယ် (၁)ဦး တွေ COVID 19 တွေ့ရကြောင်း သိရသည်။

ပြန်လွှဲမယ့် (၁၄၀)ကို မနေ့က ဘိုကျောက်အုပ်ချုပ်ရေးမှူးက ကျန်းမာရေးအဖွဲ့လွှတ်ပြီး PCR နဲ့ ဆေးစစ်ခိုင်းတာ ဒီမနက်အဖြေရတာ (၃၃) ဦးပဲ Negative ထွက်တယ်ဆိုပြီး အဲဒီ (၃၃)ဦးပဲ လွှဲပေးလာတယ်။ ကျန်တဲ့ သူတွေကို ဆေးကုသမှုခံယူပြီးမှ ပြန်လွှဲပေးမယ်လို့ပြောတယ်။ ဩဂုတ်လ (၁) ရက်နေ့ လွှဲမယ့်အဖွဲ့ကို ဒီနေ့စစ်မယ်လို့သိရတယ်။ ဒုတိယအသုတ်ပြီးရင်လည်း လွှဲပေးနိုင်အောင်သူတို့ကြိုးစားနေပါတယ်တဲ့

ဟု မြန်မာတာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုဘက်တွင် PCR ဖြင့်စစ်ဆေးပြီး Negative ထွက်သည်ဟုဆိုသော အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁၅) ဦးလွှဲပြောင်းပေးလာရာ ဝမ်ပုံဆိပ်ကမ်းတွင် RDT test kit ဖြင့်ထပ်မံစစ်ဆေးရာ ကလေးငယ် (၁) ဦးတွင် COVID 19 တွေ့ရသည်ဟု မြန်မာဘက်တာဝန်ရှိသူထံမှ သိရသည်။

မြန်မာဘက်ကတော့ Negative ပဲဖြစ်ဖြစ် Positive ပဲဖြစ်ဖြစ် လက်ခံမယ်လို့ ကမ်းလှမ်းထားပါတယ်။ သတ်သတ်စီခွဲပြီး လွှဲပေးလာဖို့ ကမ်းလှမ်းထားပါတယ်။ လာအိုဘက်က ဘယ်လိုဆုံးဖြတ်မယ် မသိသေးဘူး။ အခုက ကာစီနိုကုမ္ပဏီက ပို့ပေးတဲ့လူဦးရေစာရင်းအတိုင်း ဘိုကျောက်ကျန်းမာရေးဌာနက COVID 19 စစ်ပြီး Positive တွေကို ဆေးကုပြီးမှ ပြန်လွှဲမယ်ဆိုပြီး ဆေးစစ်နေတယ်။

ဟု မြန်မာတာဝန်ရှိသူတစ်ဦးက ဆိုသည်။

လာအိုနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား လက်ခံရေးအတွက် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့နှင့် လာအိုနိုင်ငံမှ ဟွေဆိုင်းခရိုင်တာဝန်ရှိသူများ ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံညှိနှိုင်းကြပြီး ဇူလိုင်လ (၃၀) ရက်နေ့ နံနက် (၉)နာရီတွင် ပထမအသုတ်အဖြစ် နေရပ်ပြန် (၁၀၀) ဦး၊ ဒုတိယအသုတ်အနေဖြင့် ဩဂုတ်လ (၁) ရက်နေ့ နံနက် (၉)နာရီတွင် (၁၅၀) ဦးနှင့် ကျန်စာရင်းထပ်တိုးသူများကို ဆက်လက်လက်ခံရန် သဘောတူထားခဲ့ကြခြင်းဖြစ်သော်လည်း လက်ရှိအခြေအနေမှာ စာရင်းပေးထားသူအားလုံး နေရပ်ပြန်နိုင်ရန် မသေချာဘဲဖြစ်နေကြောင်း သိရသည်။

ဒီဘက်မှာ ဖြစ်နေတာတမျိုးဗျ။ ပြန်ချင်တဲ့သူတိုင်း ပြန်ခွင့် မရပါဘူး။ သူတို့အလုပ်သမားရုံးက ထိန်းချုပ်ထားတာပါ။  ကုမ္ပဏီက မြန်မာလုပ်သားတွေပြန်မှာစိုးရိမ်ပြီး ထိန်းချုပ်ထားတာပါ။ ပြန်ခွင့်ရရန် ကူညီပေးကြပါ

ဟု လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်မှ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

မြန်မာဘက်တွင် စစ်တပ်က အာဏာသိမ်းမှုကြောင့် လာအိုဘက်မှ နေရပ်ပြန်ရန်စာရင်းပေးထားသည့် မြန်မာနိုင်ငံသားများကိစ္စ (၆)လနီးပါး ကြန့်ကြာခဲ့ပြီးနောက် ဇူလိုင်လ (၃၀) ရက်နေ့တွင် ပထမအသုတ်အဖြစ် စတင်လက်ခံရာ၌ နေရပ်ပြန်ရန် စာရင်းပေးထားပြီးသူ (၇၃၆) ဦးအနက် (၃၃) ဦးနေရပ်ပြန်လာနိုင်ခြင်းဖြစ်သည်။

နေရပ်ပြန်မည့်မြန်မာနိုင်ငံသားများအား မိုင်းမောဆိပ်ကမ်းအထိ လာအိုဘက်တာဝန်ရှိသူများက ပို့ဆောင်ပေးမည်ဖြစ်ကာ ဝမ်ပုံဆိပ်ကမ်းတွင် နေရပ်ပြန်များအား COVID 19 စစ်ဆေး၍ Negative အဖြေရသူများ နေရပ်သို့ စီစဉ်ပေးသည့်ကားများဖြင့် ပြန်ကြရမည်ဖြစ်ပြီး ပိုးတွေ့သူများ ကုသမှုခံယူပြီးမှ နေရပြန်ရမည်ဟု မြန်မာဘက်က သတ်မှတ်ထားသည်။

COVID 19 ကပ်ရောဂါကြောင့် နိုင်ငံအသီးသီးတွင် ဒုက္ခရောက်နေသည့် မြန်မာများကို ၂၀၂၀ ခုနှစ်အတွင်း လက်ခံလာခဲ့ရာ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများကို ၂၀၂၀ခုနှစ် မေလ(၈)ရက်နေ့ကစတင်၍ လက်ခံလာခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလမှစ၍ လာအိုအပါအဝင် နယ်စပ်ဒေသများမှ နေရပ်ပြန်မည့်မြန်မာများအား လက်ခံခြင်းမရှိတော့ဘဲ ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။

#TachileikNewsAgency