ရာထူးမှ ဆိုင်းငံ့ခံရသည့် ထိုင်းဝန်ကြီးချုပ်က ကာကွယ်ရေးဝန်ကြီး ဆက်လုပ်မည်ဟုဆို

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ။ Photo: AFP / Lillian Suwanrumpha
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ။ Photo: AFP / Lillian Suwanrumpha
ရာထူးမှ ဆိုင်းငံ့ခံရသည့် ထိုင်းဝန်ကြီးချုပ်က ကာကွယ်ရေးဝန်ကြီး ဆက်လုပ်မည်ဟုဆို
သြဂုတ် 27, 2022 | နိုင်ငံတကာသတင်း
By Mr John

ရာထူးမှ ဆိုင်းငံ့ခံရသည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။ 

ဩဂုတ်လ (၂၄) ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဝန်ကြီးချုပ်အဖြစ်မှ ရာထူးဆိုင်းငံ့လိုက်ပြီးနောက် ပရာယွတ်က ပထမဆုံးအကြိမ် ပြည်သူလူထုသို့ တိုက်ရိုက်ပြောကြားမှုအတွင်း ထိုသို့ ထည့်သွင်းပြောခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းပရာယွတ်က ရာထူးသက်တမ်း (၈) နှစ်ပြည့်ပြီးဖြစ်ရာ ၎င်း၏ ဝန်ကြီးချုပ်သက်တမ်းကို ပြန်လည်သုံးသပ်နေစဥ် ရာထူးမှ ဆိုင်းငံ့ထားရန် အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ခဲ့သည်။ 

လက်ရှိတွင် ဒုတိယဝန်ကြီးချုပ်နှင့် စစ်တပ်အကြီးအကဲဟောင်းဖြစ်သူ Prawit Wongsuwan က ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားကြောင်းလည်း သိရသည်။

"ပြည်သူတွေနဲ့ ထိုင်းနိုင်ငံအတွက် ကာကွယ်ဝန်ကြီးအဖြစ် ကျွန်တော်တာဝန်ကို ဆက်လက် ထမ်းဆောင်သွားမှာပါ" ဟု ပရာယွတ်က ၎င်း၏ တရားဝင် Twitter အကောင့်တွင် ဩဂုတ်လ (၂၅) ရက် နှောင်းပိုင်း၌ ပြောခဲ့သည်။ 

၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် (၈) နှစ်ကြာ ဝန်ကြီးချုပ်လုပ်ခဲ့သူ ပရာယွတ်၏ ရာထူးသက်တမ်းပြည့်သွားပြီးဖြစ်ရာ ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ပေးရမည်ဟု အဓိက အတိုက်အခံပါတီက အရေးဆိုမှုကို အခြေခံဥပဒေတရားရုံးက ကြားနာရန် ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်တစ်ဦး၏ ရာထူးသက်တမ်းကို (၈) နှစ်အဖြစ် ကန့်သတ်ထားသည်။

ယခု ပရာယွတ်၏ ရာထူးသက်တမ်းကိစ္စကို ပြည်လည်သုံးသပ်မှုအပေါ် အခြေခံဥပဒေတရားရုံးက မည်သည့်အချိန်တွင် အဆုံးအဖြတ်ပေးမည်ကို အတိအကျ မသိရသေးဟု ဆိုသည်။ 

ပရာယွတ်၏ အငြင်းပွားဖွယ် ဝန်ကြီးချုပ်ရာထူးသက်တမ်းကိစ္စမှာ ဆယ်စုနှစ် (၂) ခုနီးပါးအတွင်း အာဏာသိမ်းမှု (၂) ခုနှင့် ပြင်းထန်သည့် ဆန္ဒပြမှုများ အပါအဝင် နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်တိုက်ရှိနေခဲ့သည့် ထိုင်းနိုင်ငံတွင် နောက်ဆုံးဖြစ်ပေါ်လာသည့် နိုင်ငံရေးအားပြိုင်မှုတစ်ရပ်လည်း ဖြစ်သည်။

 ထိုင်းအစိုရပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri ကမူ အစိုရးအဖွဲ့အနေဖြင့် ပုံမှန်အတိုင်း လုပ်ငန်းလည်ပတ်နေကြောင်း ဩဂုတ်လ (၂၆) ရက်နေ့တွင် ပြောကြားခဲ့သည်။

Source: Reuters