အင်ဒိုနီးရှားတွင် ထရပ်ကား ချောက်ထဲထိုးကျပြီး လူ (၁၆) ဦး သေဆုံး

Photo Credit: AFP, EPA-EFE,
Photo Credit: AFP, EPA-EFE,
အင်ဒိုနီးရှားတွင် ထရပ်ကား ချောက်ထဲထိုးကျပြီး လူ (၁၆) ဦး သေဆုံး
By Mr John

 အင်ဒိုနီးရှားနိုင်ငံ အနောက်ပါ ပူအာပြည်နယ်အတွင်း အစွန်အဖျားဒေသရှိ တောင်ပေါ်ကနေ ဆင်းလာသည့် ထရပ်ကားတစ်စီး တိမ်းမှောက်ပြီး ချောက်ထဲထိုးကျခဲ့ရာ လူ (၁၆) ဦးထက်မနည်း သေဆုံးပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

 

တောင်ပေါ်လမ်းတွင် တိမ်းမှောက်ပြီး ချောက်ထဲထိုးကျခဲ့သည့် အဆိုပါ ထရပ်ကားတွင် ယာဥ်မောင်းနှင့် ခရီးသည် (၂၈) ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။

Arfak တောင်ပေါ်လမ်းအတိုင်း ဆင်းလာခဲ့ပြီး ပြည်နယ်မြို့တော် Manokwari သို့ ဦးတည်မောင်းနှင်လာသည့် ထရပ်ကားမှာ ဧပြီ (၁၃) ရက် ဒေသစံတော်ချိန် မနက် (၂) နာရီဝန်းကျင်တွင် ယာဥ်မောင်းက ကားကိုမထိန်းချုပ်နိုင်ဘဲ ချောက်ထဲထိုးကျခဲ့သည်ဟု ဆိုသည်။

"ဘရိတ်ပေါက်သွားတယ်လို့ သံသယရှိပါတယ်။ ယာဥ်မောင်းက မထိန်းနိုင်တော့ဘူး" ဟု အနောက်ပါပူအာပြည်နယ် ယာဥ်လမ်းကြောင်းထိန်းချုပ်ရေးဌာန လက်ထောက်အကြီးအကဲ Andre Manuputty က ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာန Metro TV ကို ပြောသည်။

ထရပ်ကား မတော်တဆမှုဖြစ်ကြောင်း သတင်းရရှိပြီးနောက် (၂)နာရီအကြာတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ကြရာ အလောင်းအချို့ လမ်းမပေါ်တွင် ပြန့်ကျဲနေတာ တွေ့ခဲ့ရသည်ဟု ဆိုသည်။ တိမ်းမှောက်မှုအရှိန်ကြောင့် ထရပ်ကားပေါ်မှ လွင့်ထွက်ပြုတ်ကျခဲ့ကြကြောင်း ဒေသခံ ကယ်ဆယ်ရေးအရာရှိ Monce Bruriy က Metro TV ကို ပြောသည်။

ထရပ်ကား မတော်တဆမှုကြောင့် သေဆုံးခဲ့သူတွေအနက် ကလေးငယ်တစ်ဦး ပါဝင်ခဲ့ကြောင်းနှင့် ဒဏ်ရာရသူ (၁၃) ဦးကို ဒေသခံ ဆေးရုံတစ်ရုံတွင် ကုသပေးနေရပြီး ဒဏ်ရာရသူတွေအနက် အချို့မှာ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ်အခြေအနေဖြစ်ကြောင်း Andre Manuputty က ပြောသည်။



ယခု ထရပ်ကားမတော်တဆမှု ဖြစ်ပွားခဲ့သည့် တောင်ပေါ်လမ်းမှာ မတ်စောက်ပြီး ထိုက်သင့်သည့် အလင်းရောင်မရှိသောကြောင့် အထူးအန္တရာယ်ရှိကြောင်းလည်း Andre Manuputty က ဖြည့်စွက်ပြောခဲ့သည်။

လူဦးရေ သန်း ၂၇၀ ရှိသည့် အင်ဒိုနီးရှားတွင် မော်တော်ယာဥ်များ သက်တမ်းအိုဟောင်းနေခြင်း သို့မဟုတ် ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် လမ်းစည်းကမ်းများ မလိုက်နာခြင်းတို့ကြောင့် လူသေဆုံးမှုများသည့် ယာဥ်မတော်တဆမှုများ အဖြစ်များကြောင်း သိရသည်။



ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းကလည်း အားလပ်ရက် ကမ်းခြေခရီးထွက်သည့် စက်ရုံအလုပ်သမားများကို တင်ဆောင်လာသော ခရီးသွားဘတ်စ်ကားတစ်စီး ဂျာဗားကျွန်းတွင် တိမ်းမှောက်ခဲ့ရာ လူ (၁၃) ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့အချက်အလက်အရ သိရှိရသည်။

၂၀၂၁ ခုနှစ် မတ်လအတွင်းက အနောက်ဂျာဗားပြည်နယ်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီး နက်ရှိုင်းသည့် လျှိုမြောင်တစ်ခုအတွင်းသို့ ထိုးကျသွားခဲ့သည့် ဖြစ်ရပ်တွင်လည်း လူ (၂၉) ဦး သေဆုံးခဲ့သည်။



Source: AFP