တာချီလိတ်မြို့တွင် ဂိမ်းခုံအတွင်း စကားများရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွား

တာချီလိတ်မြို့တွင် ဂိမ်းခုံအတွင်း စကားများရာမှ သေနတ်ပစ်ခတ်မှုဖြစ်ပွား

တာချီလိတ်မြို့   ပုန်းထွန် နှင့် ဝမ်ကောင်းရပ်ကွက်အကြား မြို့မ(ကျောက်တောင်)သုသာန်အနီး နှင့် စည်ပင်ဝန်ထမ်းအိမ်ရာအနီးတွင်   မတ်လ(၂၁)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခံရကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် အမျိုးသားမှာ အသက်(၂၅)နှစ်အရွယ် ကိုသန်းဇော်ဦး ဆိုသူဖြစ်ပြီး လက်ရှိတွင် ၎င်းအား မြို့မရဲစခန်း၏ ခွင့်ပြုချက်ဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ဆက်လက်၍ သင်္ဂဟလူမှုကူညီရေးအသင်းက ကျိုင်းတုံမြို့ရှိ စစ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

သေနတ်ပစ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းချက်အရ ဂိမ်းခုံတွင် အချင်းချင်း စကားများရန်ဖြစ်ရာမှာ ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

"ဖြစ်တာကတော့ ရိုးရိုးဖြစ်တာပဲ သူတို့ အချင်းချင်းဖြစ်တာ၊ ငါးဂိမ်းဆော့နေရင်းနဲ့ ပိုက်ဆံရှုံးတော့ စိတ်တိုပြီးမှ ဂိမ်းဆိုင်မှာ လက်သီးတွေနဲ့ ဂိမ်းစက်တွေကို ထုလို့တဲ့ အဲ့ကနေ စတာပဲ"ဟု အနီးဝန်းကျင်နေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လက်မောင်းတွင် ဒဏ်ရာရရှိသွားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။