ထိုင်းဝန်ကြီးချုပ်ပရာယွတ်က သက်ဆင်နှင့်ပတ်သက်ပြီး မေးမြန်းခံရ၍ သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားခဲ့

ထိုင်းဝန်ကြီးချုပ်ပရာယွတ်က သက်ဆင်နှင့်ပတ်သက်ပြီး မေးမြန်းခံရ၍ သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားခဲ့
ဇန်နဝါရီ 27, 2023 | နိုင်ငံတကာသတင်း
By Mr John

  



ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအား ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်တစ်ဦးက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာနှင့် ပတ်သက်၍  မေးမြန်းခဲ့မှုကြောင့် သတင်းစာရှင်းလင်းပွဲမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 ၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ်သက်ဆင်နှင့် ၂၀၁၄ ခုနှစ်တွင် သက်ဆင်၏ညီမ ဝန်ကြီးချုပ်ယင်လတ် အစိုးရတို့ကို အာဏာသိမ်းပြီး ဖြုတ်ချခဲ့သည့် ထိုင်းတော်ဝင်စစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ ပရာယွတ်က ရှင်နာဝပ်ထရာမိသားစုအပေါ် ဆယ်စုနှစ်တစ်ခုကျော်ကြာ မလိုမုန်းထားစိတ်ဖြင့် ရန်လိုနေခဲ့သူလည်း ဖြစ်သည်။

"ဒီလူ့အကြောင်း မပြောနဲ့။ ကျုပ် မကြိုက်ဘူး" ဟု ပရာယွတ်က ဇန်နဝါရီလ (၂၅) ရက်နေ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် ပတ်သက်သည့် သတင်းထောက်တစ်ဦး၏ မေးခွန်းကို စကားဖြတ်ပြီး စင်မြင့်မှဆင်းကာ သတင်းစာရှင်းလင်းပွဲနေရာမှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ 

အသက် (၇၃) နှစ်အရွယ် သက်ဆင်မှာ စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ်ကတည်းက နိုင်ငံမှထွက်ခွာသွားပြီး ပြည်ပတွင် နေထိုင်လျက်ရှိသည်။

ဗိုလ်ချုပ်ကြီးပရာယွတ်က ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ 

ယခု ၂၀၂၃ ခုနှစ် မေလတွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် အသက် (၆၈) နှစ်အရွယ် ဝန်ကြီးချုပ်ပရာယွတ်မှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ အငယ်ဆုံး သမီးဖြစ်သူ အသက် (၃၆) နှစ်အရွယ် ပက်သွန်တန်ရှင်နာဝပ်ထရာ (Paethongtarn Shinawatra) နှင့် ယှဥ်ပြိုင်ရမည် ဖြစ်သည်။

လူထုသဘောထားစစ်တမ်းများအရ ရွေးကောက်ပွဲဝင်မည့် ဝန်ကြီးချုပ်လောင်းများအနက် ပက်သွန်တန်က ထိပ်ဆုံးမှ ဦးဆောင်နေခဲ့ပြီး လက်ရှိဝန်ကြီးချုပ် ပရာယွတ်ထက် များစွာ လူကြိုက်ပိုများကြောင်းလည်း သိရသည်။ 

ပက်သွန်တန်က လွန်ခဲ့သည့် ဆယ်စုနှစ် (၂) ခုတွင် သူမ၏ ဘီလျံနာမိသားစု ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဖူထိုင်းပါတီ (Pheu Thai Party) ၏ ဝန်ကြီးချုပ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်မည် ဖြစ်သည်။

Source: Reuters