ထိုင်း - မလေးရှားနယ်စပ်တွင် မလေးရှားသို့ ခိုးဝင်ရန်  ကြိုးပမ်းသည့် မြန်မာ (၁၃) ဦးကို ထိုင်းစစ်တပ်နှင့်ရဲက ဖမ်းဆီး

ထိုင်း - မလေးရှားနယ်စပ်တွင် မလေးရှားသို့ ခိုးဝင်ရန်  ကြိုးပမ်းသည့် မြန်မာ (၁၃) ဦးကို ထိုင်းစစ်တပ်နှင့်ရဲက ဖမ်းဆီး
By Mr John

 ထိုင်း - မလေးရှားနယ်စပ်တွင် မလေးရှားနိုင်ငံအတွင်းသို့ ခိုးဝင်ရန် ကြိုးစားနေသည့် မြန်မာနိုင်ငံသား  အမျိုးသား (၁၃) ဦးကို ထိုင်းရဲနှင့်စစ်တပ် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

တရားမဝင် ရွှေ့ပြောင်းလာသူ မြန်မာအမျိုးသားအုပ်စုများက မလေးရှားနိုင်ငံဘက်သို့ ခိုးဝင်ရန်  ကြိုးစားနေစဉ် ထိုင်းနိုင်ငံ ဆုန်ခလာပြည်နယ် Sadao ခရိုင်အတွင်း  Moo 7 ကျေးရွာရှိ နယ်ခြားတိုင် ၂၃/၂၇ အနီးတွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်နေ့က ဖမ်းခံရခြင်း ဖြစ်သည်။

ပူးပေါင်းအဖွဲ့၏ စစ်ဆေးမေးမြန်းမှုအရ မြန်မာအမျိုးသားအုပ်စုမှာ ထိုင်းနိုင်ငံအတွင်းသို့ Prachuap Khiri Khan ပြည်နယ်တွင် တရားမဝင် ခိုးဝင်ခဲ့ကြကြောင်းနှင့် စုစုပေါင်း လူ (၃၀) ဦး ပါဝင်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် ပစ်ကပ်ထရပ်ကား (၂) စီးဖြင့် မလေးရှားနှင့် နယ်စပ်အနီးရှိ ဆုန်ခလာပြည်နယ် Hat Yai မြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ကြပြီး ထိုမြို့တွင် တစ်ညအိပ်ရပ်နားကာ နယ်စပ်သို့ ဦးတည်ထွက်လာခဲ့ကြသည်ဟု ဆိုသည်။ 

တရားမဝင် ရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံသားများက မလေးရှားနိုင်ငံ Penang ပြည်နယ်နှင့် အခြား ပြည်နယ်တွင် ငါးဖမ်းလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ၌ အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားများကို တစ်ဦးလျှင် ဘတ် (၄၀,၀၀၀) ပေးခဲ့ရသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်အကိုင်နှင့် စားဝတ်နေရေး အကျပ်အတည်း ဆိုးရွားလာခဲ့ရာ လူငယ်အများစု အပါအဝင် ပြည်သူများစွာမှာ ပြည်ပနိုင်ငံများသို့ တရားဝင်နှင့် တရားမဝင် နည်းလမ်းတို့ဖြင့် သွားရောက် အလုပ် လုပ်ကိုင်ရန် ကြိုးပမ်းနေကြပြီး နေ့စဥ်လိုလို နိုင်ငံမှ ထွက်ခွာနေကြသည်။

Source: Bangkok Post

Photo: Khaosot