အီတလီတွင် ရေခမ်းခြောက်သွားသည့် မြစ်ထဲမှ မပေါက်ကွဲသေးသော ကမ္ဘာစစ်လက်ကျန်ဗုံးကြီး ပေါ်ထွက်လာ

အီတလီတွင် ရေခမ်းခြောက်သွားသည့် မြစ်ထဲမှ မပေါက်ကွဲသေးသော ကမ္ဘာစစ်လက်ကျန်ဗုံးကြီး ပေါ်ထွက်လာ
By Mr John

အီတလီနိုင်ငံတွင် အလွန်အမင်း မိုးခေါင်သည့် ရာသီဥတုကြောင့် ရေခမ်းခြောက်သွားသော မြစ်တစ်စင်းတွင် နစ်မြုပ်နေခဲ့သည့် ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးကြီးတစ်လုံး ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ 

ငါးဖမ်းသမားများက အလေးချိန် ပေါင် (၁,၀၀၀) ရှိသည့် မပေါက်ကွဲသေးသော ထိုဗုံးကြီးကို ရေခမ်းခြောက်နေသော ပိုမြစ် (River Po) ၏ မြစ်ကမ်းပါးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အီတလီတွင် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး မိုးခေါင်မှုကြုံနေရစဥ် ပိုမြစ်၏ မိုင် (၄၀၀) ရှည်လျားသော အစိတ်အပိုင်းများမှာ ရေခမ်းခြောက်သွားခဲ့သည်။ 

ပုံမှန်မဟုတ်သော ပူပြင်းသည့် မိုးလေဝသအခြေအနေနှင့် မိုးရေချိန်လျော့ကျမှုတို့ကြောင့် အီတလီမြောက်ပိုင်းတွင် ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး ရာသီဥတုပြောင်းလဲမှု၏ သက်ရာက်မှုများအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။

"ငါးဖမ်းသမားတွေက ပိုမြစ်ကမ်းပါးမှာ ဗုံးကို တွေ့ခဲ့ကြပါတယ်" ဟု စစ်တပ်အရာရှိ ဗိုလ်မှူးကြီး Marco Nasia က Reuters သတင်းဌာနကို ပြောသည်။ 

Borgo Virgilio နယ်မြေ Lombardy ကျေးရွာအနီးတွင် ဇူလိုင်လအတွင်းက တွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသော ထိုဗုံးကြီးထဲတွင် ပေါက်ကွဲတတ်သည့်ပစ္စည်း အလေးချိန် ပေါင် (၅၃၀) ပါရှိကြောင်း အီတလီစစ်တပ်အရာရှိများက ဆိုသည်။

ဗုံးတွေ့ရှိရာအနီးရှိ ဒေသခံ (၃,၀၀၀) ကို ရွှေ့ပြောင်းစေခဲ့ တွေ့ရှိရပြီးနောက် ဩဂုတ်လ (၇) ရက်နေ့တွင် ထိန်းချုပ်ဖောက်ခွဲခဲ့ကြောင်း သိရသည်။ 

"ပထမတော့ ဒေသခံအချို့က မရွှေ့ပြောင်းဘူးလို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံး ရက်အနည်းငယ်မှာ ရွှေ့ပြောင်းကြဖို့ သူတို့ကို စည်းရုံးနိုင်ခဲ့တယ်လို့ ထင်ပါတယ်" ဟု ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Francesco Apori က ပြောသည်။

ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးကြီးကို ထိန်းချုပ်ဖောက်ခွဲစဥ် ထိုနေရာပေါ်ရှိ လေပိုင်နက်ဖြတ်သန်းခွင့်နှင့် ရေလမ်းကြောင်းသွားလာမှုတို့ကို ယာယီပိတ်ခဲ့ကြောင်း သိရသည်။ 

မကြုံစဖူး မြစ်ရေခမ်းခြောက်နေသည့် ပိုမြစ်မှာ အီတလီနိုင်ငံ၏ အရှည်လျားဆုံးမြစ်ဖြစ်ပြီး Alps တောင်တန်း အနောက်တောင်ဘက်မှ မြစ်ဖျားခံကာ Adriatic ပင်လယ်အတွင်းသို့ စီးဝင်နေသည်။

သို့သော် နှစ်စဥ် ထုတ်ပြန်သည့် ဂြိုဟ်တုဓာတ်ပုံများအရ ယခုနှစ်တွင် အလွန်အမင်း မိုးခေါင်မှုကြောင့် ပိုမြစ်၏ မိုင်ပေါင်းရာနှင့်ချီ ရှည်လျားသော အစိတ်အပိုင်းများ ရေခမ်းခြောက်နေသည်ကို တွေ့ရသည်။

 အီတလီအာဏာပိုင်တွေက ပိုမြစ်အနီးတဝိုက်ရှိ နယ်မြေများကို ပြီးခဲသည့်လအတွင်း အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ပိုမြစ်မှာ အီတလီ၏ စိုက်ပျိုးရေးထုတ်လုပ်မှု သုံးပုံတစ်ပုံခန့်အတွက် ရေအရင်းအမြစ်လည်း ဖြစ်သည်။

မကြာသေးမီ လများအတွင်း ပူပြင်းခြင်းနှင့် မိုးရွာသွန်းမှုနည်းပါးခြင်းတို့ကြောင့် ပိုမြစ်၏ မြစ်ရေစီးဆင်းမှု လျော့နည်းကျဆင်းလာခဲ့ပြီး ယခုအခါ ဆားဓာတ်ပါသော ပင်လယ်ရေများ မြစ်အတွင်း စိမ့်ဝင်မှုကြောင့် စိုက်ခင်းများကို ပျက်စီးစေကြောင်း ပိုမြစ်ဝှမ်းရှိ လယ်သမားများက ပြောသည်။

Source: BBC, CNN

Photo: REUTERS, ITALIAN ARMY,