သုက်ပိုးလှူဒါန်းမှုကနေ မွေးဖွားလာခဲ့သူ အမေရိကန်အမျိုးသမီးက DNA စစ်ဆေးကြည့်ရာမှ မွေးချင်း (၆၅) ဦးရှိကြောင်း သိလိုက်ရ

သုက်ပိုးလှူဒါန်းမှုကနေ မွေးဖွားလာခဲ့သူ အမေရိကန်အမျိုးသမီးက DNA စစ်ဆေးကြည့်ရာမှ မွေးချင်း (၆၅) ဦးရှိကြောင်း သိလိုက်ရ
သြဂုတ် 26, 2023 | နိုင်ငံတကာသတင်း
By Mr John

 သုက်ပိုး လှူဒါန်းမှုကနေ သန္ဓေတည် မွေးဖွားလာခဲ့သည့် အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်မှ အမျိုးသမီးတစ်ဦးမှာ မကြာသေးမီက DNA စစ်ဆေးကြည့်ရာ သူမတွင် မြောက်အမေရိကတလွှား မွေးချင်း (၆၅) ဦးအထိ ရှိနေကြောင်း သိခဲ့ရသည်။ 

မေရီလန်းပြည်နယ် Ellicott မြို့တွင် မွေးဖွားကြီးပြင်းခဲ့သူ အသက် (၂၀) နှစ်အရွယ် ဘရန်နာစီပါကိုက ၎င်းမှာ သုက်ပိုးအလှူရှင်တစ်ဦး၏ ကလေးဖြစ်ကြောင်း သိထားခဲ့သော်လည်း သူမ၏ဖခင်အရင်း သုက်ပိုးလှူဒါန်းမှုကနေ မွေးဖွားခဲ့သော မွေးချင်းများ မည်မျှရှိကြောင်းကိုမူ မကြာသေးမီကမှသာ သိခဲ့ရခြင်း ဖြစ်သည်။

စီပါကိုက ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း 23andMe ကုမ္ပဏီတွင် DNA စစ်ဆေးခဲ့ပြီး သူမတွင် အဖေတူ မွေးချင်း (၁၃) ဦးရှိကြောင်း သိခဲ့ရသည်။ 

ထိုမွေးချင်းများကို ဆက်သွယ်ခဲ့ချိန်တွင် သူမနှင့် အဖေတူ နောက်ထပ် မွေးချင်းများရှိနေကြောင်း သိလာရသည်။ 

စီပါကိုက ယခုအချိန်အထိ သူမနှင့် အဖေတူ မွေးချင်း (၆၅) ဦးရှိကြောင်း ရှာဖွေတွေ့ရှိထားသည်။

သူမမှာ သုက်ပိုးအလှူရှင်ဖြင့် ရရှိခဲ့သော ကလေးဖြစ်ရာ တစ်နေရာရာတွင် မွေးချင်းများရှိနိုင်ကြောင်း အမြဲတွေးခဲ့မိသည်ဟု စီပါကိုက ပြောသည်။ 

ထို့ကြောင်ပင် စီပါကို 23andMe တွင် DNA စစ်ဆေး၍ အဖေတူ မွေးချင်းများကို ရှာဖွေခဲ့ခြင်းလည်း ဖြစ်သည်။ 

ဒါဇင်နှင့်ချီသော သွေးသားတော်စပ်သူ မွေးချင်းများကို ရှာဖွေတွေ့ရှိရမှုက သူမအတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ကြောင်း စီပါကိုက ဖွင့်ဟခဲ့သည်။

 

Source: NY Post