ယူကရိန်းကို အကူအညီပေးခြင်းမှာ ဒီမိုကရေစီအတွက် ရင်းနှီးမြှုပ်နှံမှုဟု သမ္မတဇီလန်းစကီးက အမေရိကန်လွှတ်တော်တွင် ပြောကြား

ယူကရိန်းကို အကူအညီပေးခြင်းမှာ ဒီမိုကရေစီအတွက် ရင်းနှီးမြှုပ်နှံမှုဟု သမ္မတဇီလန်းစကီးက အမေရိကန်လွှတ်တော်တွင် ပြောကြား
ဒီဇင်ဘာ 23, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းနိုင်ငံကို အကူအညီပေးခြင်းမှာ ဒီမိုကရေစီအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး ငွေကြေးလှူဒါန်းမှု မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာဇာလန်းစကီးက အမေရိကန်လွှတ်တော်ကို ပြောကြားလိုက်သည်။ 

"ခင်ဗျားတို့ရဲ့ငွေက ပရဟတိလှူဒါန်းမှု မဟုတ်ပါဘူး။ ဒါက ကမ္ဘာ့လုံခြုံရေးနဲ့ ဒီမိုကရေစီအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်" ဟု ယူကရိန်းသမ္မတဇာလန်းစကီးက အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်အား ပြောကြားလိုက်သည်။

သမ္မတဇာလန်းစကီးက ယူကရိန်း၏ စစ်ရေးအားထုတ်မှုကို ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က နာဇီတို့နှင့် တိုက်ခိုက်မှုကို ကိုးကားပြီး နောက်ထပ် အကူအညီများရရှိရန် တောင်းဆိုခဲ့သည်။

အမေရိကန်အောက်လွှတ်တော်ကို ထိန်းချုပ်မှုအား လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၃) ရက်တွင် ဒီမိုကရက်တို့ထံမှ ရီပတ်ဘလစ်ကင်တို့က ရယူသွားတော့မည်ဖြစ်ပြီး ရီပတ်ဘလစ်ကင်အမတ်အချို့က ယူကရိန်းကို အကူအညီပေးမှု အလွန်များနေမှုအပေါ် ဝေဖန်သံများ ထွက်ပေါ်နေစဥ် သမ္မတဇာလန်စကီးက ထိုသို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 

ယူကရိန်းက ရုရှားကို ဘယ်တော့မှ လက်နက်ချ အညံ့ခံမည်မဟုတ်ကြောင်းလည်း သမ္မတဇီလန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။

သဘောထားတင်းမာသည့် ရီပတ်ဘလစ်ကင်အမတ်အချို့ကမူ ယူကရိန်းကို အကူအညီပေးနေမှု အဆုံးသတ်ရန်နှင့် အမေရိကန်က ကူညီခဲ့သည့်ငွေများကို မည်သို့ ခွဲဝေအသုံးပြုသည်ကို စာရင်းစစ်ရန်ပင် တိုက်တွန်းခဲ့သည်။ 

ရုရှားနှင့် စစ်ပွဲစတင်ခဲ့ပြီးနောက် ရက် (၃၀၀) ပြည့်သည့် ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဥ်အဖြစ် ယူကရိန်းသမ္မတဇာလန်းစကီးက အမေရိကန်နိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။ 

ဇာလန်းစကီးက ကွန်ဂရက်လွှတ်တော်တွင် မိန့်ခွန်းမပြောမီ အိမ်ဖြူတော်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သမ္မတဇာလန်းစကီး၏ အမေရိကန်ခရီးစဥ်တွင် စစ်ပွဲအတွက် နောက်ထပ် အကူအညီများရရှိရေးကိစ္စကို အာရုံစိုက်ထားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း ဆက်လက် ကူညီပေးရန် တောင်းဆိုခဲ့သည်။ 

အမေရိကန်ကလည်း ယူကရိန်းအတွက် အဆင့်မြင့်လေကြောင်းကာကွယ်ရေးစနစ် အပါအဝင် ဒေါ်လာ (၁.၈၅) ဘီလီယံ တန်ဖိုးရှိ နောက်ထပ် စစ်ရေးအကူအညီများ ပေးအပ်သွားမည်ဟု ကြေညာထားသည်။

Source: Reuters

Photo: REUTERS/Evelyn Hockstein, REUTERS/Jonathan Ernst,