ထိုင်းနိုင်ငံသို့လာရောက်သည့် ခရီးသွားများ COVID ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြရန် မလိုအပ်တော့

ထိုင်းနိုင်ငံသို့လာရောက်သည့် ခရီးသွားများ COVID ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြရန် မလိုအပ်တော့
ဇန်နဝါရီ 12, 2023 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 

ထိုင်းနိုင်ငံသို့ လာရောက်သည့်ခရီးသွားများ COVID-19 ကာကွယ်ဆေး (၂) ကြိမ်ထိုးပြီးကြောင်း အထောက်အထားပြရန် လိုအပ်ချက်ကို ထိုင်းအစိုးရက ဇန်နဝါရီလ (၉) ရက်နေ့ကတည်းက ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောသည်။ 

တရုတ်နိုင်ငံနှင့် ကမ္ဘာတဝန်းတွင် ကာကွယ်ဆေးထိုးထားမှုမှာ လုံလောက်သည့် အခြေအနေဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိုင်းအစိုးရက သီတင်းပတ်ကုန်ရက်များတွင် နိုင်ငံအတွင်း ဝင်ရောက်လာမည့် ခရီးသွားများအနေဖြင့် COVID-19 ကာကွယ်ဆေး (၂) ကြိမ်ထိုးပြီးကြောင်း အထောက်အထားလိုအပ်မည်ဟု ရုတ်တရက် ကြေညာခဲ့ရာ ဖူးခက်ခရီးသွားလုပ်ငန်းများအသင်း Phuket Tourist Association (PTA) က ဇန်နဝါရီလ (၈) ရက်နေ့တွင် အပြင်းအထန် ဝေဖန်ခဲ့သည်။

အစိုးရက သတိပေးခြင်း မရှိဘဲ စည်းမျဥ်းအသစ်ကို ရုတ်တရက် ကြေညာခဲ့ချိန်တွင် ခရီးသွားအများအပြားမှာ ထိုင်းသို့လာရောက်ရန် လေဆိပ်ကိုသွားနေကြပြီ ဖြစ်သည်။ 

ထိုအခြေအနေတွင် ပြည်ပခရီးသွားလုပ်ငန်းများမှာ ၎င်းတို့ထံမှ ဝန်ဆောင်မှုရယူထားသည့် ခရီးသွားများကို ငွေပြန်အမ်းပေးရမှုနှင့် ပတ်သက်၍ ဒေါသထွက်ခဲ့ကြကြောင်း PTA က ပြောသည်။

ထို့အတူ COVID-19 စည်းမျဥ်းကို ရုတ်တရက် ပြောင်းလဲခြင်းက နိုင်ငံ၏ ခရီးသွားလုပ်ငန်း နာလန်ပြန်ထူမှုနှင့် နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေမည်ဟုလည်း PTA က ထောက်ပြခဲ့သည်။ 

ထိုင်းနိုင်ငံ လေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့က ဇန်နဝါရီလ (၉) ရက်တွင် စတင်သက်ရောက်မည့် COVID-19 စည်းမျဥ်းအသစ်ကို ဇန်နဝါရီလ (၇) ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

COVID-19 ကူးစက်မှုများ မြင့်တက်နေသော်လည်း နယ်စပ်များ ပြန်ဖွင့်လိုက်ပြီဖြစ်သည့် တရုတ်နိုင်ငံမှ ခရီးသွားအများအပြား ဝင်ရောက်မလာမီ ထိုင်းအစိုးရက စည်းမျဥ်းအသစ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ 

သို့သော် ခရီးသွားလုပ်ငန်းနယ်ပယ်မှ ဝေဖန်မှုများရှိလာပြီးနောက် ထိုင်းအစိုးရက နောက်ကြောင်းပြန်လှည့်ပြီး နိုင်ငံအတွင်း ဝင်ရောက်လာမည့် ခရီးသွားများ COVID-19 ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြရန် လိုအပ်ချက်ကို အလျင်အမြန် ပယ်ဖျက်လိုက်သည်။

"ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြရတာက လုပ်ငန်းစဥ် နှေးကွေးစေပြီး အဆင်မပြေ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့ရဲ့ စည်းမျဥ်းသစ် ဆုံးဖြတ်ချက်က မလိုအပ်ပါဘူး" ဟု ကျန်းမာရေးဝန်ကြီး Anutin က ပြောသည်။

ထိုစည်းမျဥ်းကို ပယ်ဖျက်လိုက်မှုအရ ကာကွယ်ဆေးထိုးမထားသည့် ခရီးသွားများကိုလည်း ထိုင်းနိုင်ငံအတွင်းသို့ ကန့်သတ်ချက်မရှိဘဲ ဝင်ရောက်ခွင့်ပြုသွားမည်ဟု သိရသည်။ 



Source: Bangkok Post, Reuters