ထိုင်းနိုင်ငံတွင် မင်္ဂလာပွဲမှအပြန် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး (၂) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် မင်္ဂလာပွဲမှအပြန် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး (၂) ဦး သေဆုံး၊ (၂) ဦး ဒဏ်ရာရ
By Mr John

ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ် Muang ခရိုင်ရှိ ဟိုတယ်တစ်ခုတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၈) ရက် ညပိုင်းက မင်္ဂလာဧည့်ခံပွဲ တက်ရောက်ပြီးနောက် ကားပါကင်နေရာ၌ အပြန်အလှန် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အဆောင်လက်ဖွဲ့ ကျွမ်းကျင်သူနှင့် အရက်ဆိုင်ပိုင်ရှင် အမျိုးသား (၂) ဦး သေဆုံးပြီး အမျိုးသမီး (၂) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။  

Liang Muang လမ်းမပေါ်ရှိ Bunjongburi ဟိုတယ်၏ ကားပါကင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Muang ရဲစခန်း၏ ၁၉၁ ရေဒီယိုစင်တာမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဧပြီလ (၂၈) ရက် ဒေသစံတော်ချိန် ည (၈) နာရီ (၂၅) မိနစ်ဝန်းကျင်တွင် အဆိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများ  ရောက်လာချိန်၌ အမျိုးသား (၂) ဦး လဲကျနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆောင်လက်ဖွဲ့ ကျွမ်းကျင်သူအဖြစ် လူသိများသော "Khunphaenn Surat" ဟုလည်း သိထားကြသည့် Panuphong Suwannasin (အသက် ၃၅ နှစ်) မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ၎င်း၏ဘယ်ဖက်လက်အနီးတွင် ပစ္စတိုသေနတ်တစ်လက်ကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့သည်ဟု သိရသည်။

ယင်းအပြင် Muang ခရိုင်ရှိ လူသိများသော Thonglor အရက်ဆိုင်ပိုင်ရှင်ဖြစ်သူ အသက် (၃၉) နှစ်အရွယ် Wirat "Jane Thonglor" Sudphakdee ကို Panuphong Suwannasin နှင့် (၂) မီတာခန့်အကွာတွင် သေဆုံးနေသည့် တွေ့ခဲ့ရပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတွင် ကျည်ဆန်ခွံ (၁၅) ခုကိုလည်း တွေ့ရကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း အဆောင်လက်ဖွဲ့ ကျွမ်းကျင်သူ၏ ဇနီး Kansiri Suwannasin (အသက် ၃၀ နှစ်) နှင့် အသက် (၂၀) အရွယ် Thanaithorn Luetheng အမည်ရှိ အမျိုးသမီးတို့ ဒဏ်ရာရခဲ့ကြပြီး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ၎င်းတို့ (၄) ဦးက ဟိုတယ်အနောက်ဖက်ရှိ အဆောက်အအုံတစ်ခုတွင် ကျင်းပသည့် မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Panuphong နှင့် Wirat တို့မှာ သူငယ်ချင်းများဖြစ်ကြပြီး နောက်ပိုင်းတွင် (၂) နှစ်ကျော်ကြာခဲ့သည့် ပဋိပက္ခတစ်ခုတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ 

ဧပြီလ (၂၈) ရက် ညပိုင်းက မင်္ဂလာဧည့်ခံပွဲမှ အပြန်တွင် ဟိုတယ်ကားပါကင်သို့ အမျိုးသား (၂) ဦး ရောက်ရှိလာခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုမဖြစ်ပွားမီ အချိန်အတော်ကြာ စကားပြောဆိုခဲ့ကြသည်ဟု ဆိုသည်။

သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည့် Panuphong နှင့် ဒဏ်ရာရခဲ့သူ ၎င်း၏ဇနီး Kansiri တို့ကို ၂၀၂၁ ခုနှစ် မေလ (၁၅) ရက်နေ့က မူးယစ်ဆေးဝါးမှုဖြင့် ဘန်ကောက်မြို့တွင် မှုခင်းနှိမ်နင်းရေးဌာနခွဲက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

ထိုစုံတွဲမှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ကြပြီးနောက်  ထောင်မှလွတ်လာပြီးနောက် Panuphong က အွန်လိုင်းတွင် အဆောင်လက်ဖွဲ့ ရောင်းဝယ်ရေးလုပ်ငန်းတစ်ခု လုပ်ကိုင်နေခဲ့ကာ ၎င်း၏ Facebook page တွင် follower အရေအတွက် (၁၀၀,၀၀၀) ကျော်ရှိကြောင်း သိရသည်။

Source: Bangkok Post