မဲခေါင်မြစ်ကမ်းတွင် ဒုက္ခရောက်နေသည့် မြန်မာများကို လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ပြန်ခေါ်ထားပြီး မြန်မာလုပ်သားများ အခက်အခဲကို လာအိုခရိုင်အုပ်ချုပ်ရေးအဖွဲ့ စုံစမ်း စစ်ဆေးမည်

မဲခေါင်မြစ်ကမ်းတွင် ဒုက္ခရောက်နေသည့် မြန်မာများကို လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ပြန်ခေါ်ထားပြီး မြန်မာလုပ်သားများ အခက်အခဲကို လာအိုခရိုင်အုပ်ချုပ်ရေးအဖွဲ့ စုံစမ်း စစ်ဆေးမည်

လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ဒုက္ခမျိုးစုံကြုံနေရသည့် မြန်မာနိုင်ငံသားများမှာ နေရပ်ပြန်ခွင့်ရရေး လပေါင်းများစွာ စောင့်ဆိုင်းနေရပြီးနောက်  မြန်မာတာဝန်ရှိသူများ၏ အကူအညီရရန် မဲခေါင်မြစ်ကမ်းတွင် မိုးရွာနေသည့်ကြားမှ နှစ်ရက်တိုင်တိုင် စောင့်ဆိုင်းနေကြပြီးနောက် မြန်မာလုပ်သားများကိစ္စ စုံစမ်းစစ်ဆေးရန် လာအိုနိုင်ငံ ဘိုကျောက်ခရိုင်အုပ်ချုပ်ရေးမှူးက ဇူလိုင်လ (၂၃) ရက်နေ့တွင် ညွန်ကြားထားပြီဖြစ်ကြောင်း သိရသည်။

အခက်အခဲ မျိုးစုံတွေ့နေရသည့် ကလေးများ၊ ကိုယ်ဝန်ဆောင်များပါသည့် မြန်မာရွှေ့ပြောင်း လုပ်သားမိသားစုများသည် မဲခေါင်မြစ်ကမ်းတွင် မိုးရွာသည့်ကြားမှ နှစ်ရက်ကြာ စောင့်ဆိုင်း၍ တစ်ဖက်ကမ်းမှ မြန်မာတာဝန်ရှိသူများ၏ အကူအညီကို မျှော်ခဲ့ကြသော်လည်း မရခဲ့ဘဲ ဇူလိုင်လ (၂၃) ရက်နေ့တွင် ဘိုကျောက်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က 

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်အုပ်ချုပ်ရေးအဖွဲ့အား မြန်မာလုပ်သားများကို ပြန်ခေါ်ထားရန် ညွန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုများ မြစ်ကမ်းတွင် မိုးရေထဲ၌ အခက်အခဲဖြစ်နေကြသည်ကို တွေ့ရသည့်  လာအိုရဲများက  အစားအသောက်များကူညီပေးခဲ့ကြပြီးနောက် ဇူလိုင်လ (၂၃) ရက်နေ့တွင် မြန်မာလုပ်သားများအား လာအိုရဲများက ပြန်ခေါ်ပေးကြပြီး တောင်ခြေရှိ Quarantine Center သို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

လာအိုနိုင်ငံ ရွှေတြိဂံ အထူးစီးပွားရေးဇုန်တွင် သွားရောက် အလုပ် လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ မြန်မာ (ရခိုင်)ရွာကို  ရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီက COVID 19 ကာကွယ်ရန်ဟုဆိုကာ လွန်ခဲ့သည့် (၃) လကျော် ကတည်းက Lockdown ချထားပြီး ရွာတွင်းမှ ထောင်နှင့်ချီသော လူများကိုလည်း Quarantine Center များသို့ လနှင့်ချီ၍ ပို့ထားသည့်အပြင် ရွာတွင်းကျန်သူများကိုလည်း နေရာရွှေ့ပြောင်းချထားနေသော်လည်း အဆိုပါဒေသတွင် COVID 19 ပိုးတွေ့ရှိသည်ဟု ဘိုကျောက်ခရိုင်တာဝန်ရှိသူများထံ တင်ပြထားခြင်းလည်း မရှိကြောင်း သိရသည်။

မြန်မာ(ရခိုင်)ရွာ အပါအဝင် လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း COVID 19 ဖြစ်ပွားမှုအခြေအနေကို လာအိုကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များတွင် မတွေ့ရ၍ ကုမ္ပဏီအနေဖြင့် ဖြေကြားပေးနိုင်ရန် တာချီလိတ်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ကုမ္ပဏီဘက်က ဖြေကြားရန် မရှိကြောင်း တုန့်ပြန်ခဲ့သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများမှာ Lockdown  ချထား၍ အလုပ် လုပ်၍ မရသည့်အတွက် စားဝတ်နေရေး အခက်အခဲရှိချိန်တွင် Quarantine center များသို့ မိသားစုများ တကွဲတပြားပို့ခံရခြင်း၊ နေရာသစ်ရွှေ့ပြောင်းချထားရာတွင် အခက်အခဲများရှိခြင်း၊ နေရပ်ပြန်ရန် အကြိမ်ကြိမ် စာရင်းပေးထားသော်လည်း ပြန်ခွင့်မရခြင်း၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများက နေရပ်ပြန်လိုက လမ်းလျှောက်ပြန်နိုင်ကြောင်းပြောဆိုခြင်းများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဇူလိုင်လ (၂၂) ရက်နေ့တွင် ရခိုင်ရွာမှ လမ်းလျှောက်ထွက်လာကာ မဲခေါင်မြစ်ကမ်းမှနေ၍ တစ်ဖက်ကမ်းရှိ မြန်မာတာဝန်ရှိသူများ၏ အကူအညီကို ထိုင်စောင့်မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။

ဘိုကျောက်ခရိုင်အတွင်း သုံးနိုင်ငံနယ်စပ် မဲခေါင်မြစ်ဘေးရှိ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ကို လုပ်ကိုင်ခွင့်ရထားသည့် ဟောင်ကောင်အခြေစိုက် တရုတ်ကုမ္ပဏီ Kings Romans ၏ ကာစီနိုအပါအဝင် လုပ်ငန်းပေါင်းများစွာတွင် ရွှေ့ပြောင်းအလုပ်သမားများစွာလုပ်ကိုင်နေပြီး  ရွှေတြိဂံအထူးစီးပွားရေးဇုန်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါဒေသတွင်းအခြေအနေများကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းနေခြင်းဖြစ်သည်။

#TachileikNewsAgency