တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ဓါးပြတိုက်ခံရ

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ဓါးပြတိုက်ခံရ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း  ဝေဠုဝန်ဘုန်းကြီးကျောင်းအကျော်ရှိ နေအိမ်တွင် ဓါးပြတိုက်ခံရ၍ ကားနှင့် ရွှေငွေများ ပါသွားကြောင်း သိရသည်။

ဓါးပြတိုက်ခံရသည့် ဖြစ်စဉ်မှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ အကူးပိုင်းအချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား(၅)ဦးမှ ကားနှင့်ဆိုင်ကယ်တို့ဖြင့် လာရောက်ကာ နေအိမ်အတွင်း ဝင်ရောက်ပြီး ဓါးပြတိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဓါးပြတိုက်ခံရမှုကြောင့် နေအိမ်ရှိ BMW အမျိုးအစား ကားတစ်စီး နှင့် ထိုင်းဘတ်ငွေ (၁)သိန်းနီးပါး အပါအဝင်  Iphone (၂)လုံး၊ အပြင် ရွှေထည်ပစ္စည်းများပါ ပါသွားကြောင်း သိရသည်။

"Apple 15 Pro Max တစ်လုံး၊ Apple X တစ်လုံး၊ မှတ်ပုံတင် နှစ်ခုနဲ့ ကား BMW တစ်စီးပါသွားပါတယ်။ ကားနောက်တစ်စီးက သော့ပါသွားပါတယ်။ အခန်းထဲက ရွှေတွေပါသွားကြတာနော်။ မှတ်ပုံတင်နှစ်ခုနဲ့ ဖုန်းအစုတ်တစ်လုံးကို အိမ်ရှေ့မှာ ပြန်ချပေးရင်ကို ကျေနပ်ပါပြီ"ဟု ဓါးပြတိုက်ခံရသူက လူမှုကွန်ရက်တွင် CCTV မှတ်တမ်းနှင့်အတူ ရေးသားထားသည်ကို တွေ့ရသည်။

 တာချီလိတ်မြို့တွင် ဓါးပြတိုက်မှုများ မကြာခဏဖြစ်ပွားနေလျှက်ရှိပြီး ဓါးပြတိုက်မှုများအနက်   တာချီလိတ်မြို့၏ ယခင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဖြစ်သူ၏ သားကိုယ်တိုင် ဓါးပြခေါင်းဆောင်အဖြစ် ပါဝင်ပြီး ဓါးပြတိုက်သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ဖူးရာ အဆိုပါ ဖြစ်စဉ်ကိုတော့ ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများအပြင် ဓါးပြတိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသော်လည်း ရဲတပ်ဖွဲ့က ကွင်းဆက်လိုက်၍   ဖမ်းဆီးဖော်ထုတ်ခြင်းမရှိကြောင်း သိရသည်။