အမေရိကန်၏ ရပ်တည်ချက် မပြောင်းလဲပါက  ထိပ်တိုက်တွေ့မှုနှင့် ပဋိပက္ခ ဖြစ်လာမည်ဟု တရုတ်ဘက်က ခြိမ်းခြောက်  

တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ် Qin Gang
တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ် Qin Gang
အမေရိကန်၏ ရပ်တည်ချက် မပြောင်းလဲပါက  ထိပ်တိုက်တွေ့မှုနှင့် ပဋိပက္ခ ဖြစ်လာမည်ဟု တရုတ်ဘက်က ခြိမ်းခြောက်  
By Mr John

 

အမေရိကန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် ပတ်သက်၍ ၎င်း၏ သဘောထားနှင့် မူဝါဒများကို ပြောင်းလဲသင့်ပြီး ထိုသို့ ပြောင်းလဲခြင်း မရှိပါက နှစ်နိုင်ငံ ထိပ်တိုက်တွေ့မှုနှင့် ပဋိပက္ခဖြစ်မှု မလွှဲမရှောင်သာ ရှိလာလိမ့်မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ် မတ်လ (၇) ရက်နေ့တွင် ထုတ်ဖော်သတိပေးလိုက်သည်။ 

တရုတ်နှင့်အမေရိကန် အင်အားကြီး (၂) နိုင်ငံကြား ဆက်ဆံရေးမှာ ထိုင်ဝမ်အရေး၊ ကုန်သွယ်ရေးနှင့် လက်ရှိ ဖြစ်ပွားနေသည့် ယူကရိန်းစစ်ပွဲ အပါအဝင် ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်များနှင့်ချီကြာ တင်းမာနေခဲ့သည်။

အမေရိကန်က တရုတ်နှင့် ပတ်သက်၍ မျှတမှုရှိပြီး စည်းမျဥ်းများကို အခြေခံသည့် ယှဥ်ပြိုင်မှုထက် ဖိနှိပ်ခြင်းနှင့် ကန့်သတ်ခြင်းတို့ကို လုပ်ဆောင်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ် Qin Gang က တရုတ်ပြည်သူ့ကွန်ဂရက်ပြင်ပ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

ယူကရိန်းစစ်ပွဲအရေး တရုတ်၏ ရပ်တည်ချက်နှင့် ရုရှားနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးများရှိလာခြင်းကိုမူ ၎င်းက ကာကွယ်ပြောကြားခဲ့သည်ဟု ဆိုသည်။

Qin Gang မှာ နိုင်ငံခြားရေးဝန်ကြီး မဖြစ်မီအထိ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်အဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်သည်။ 

"တကယ်လို့ အမေရိကန်က မရပ်တန့်ဘဲ လမ်းကြောင်းအမှားကို ဆက်သွားနေမယ်၊ လမ်းချော်မသွားအောင် မတားဆီးနိုင်ဘူးဆိုရင် ထိပ်တိုက်တွေ့မှုနဲ့ ပဋိပက္ခတွေဖြစ်လာမှာ သေချာပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က သတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။

Source: Reuters, CNN