မန္တလေးမှ တာချီလိတ်သို့ လေကြောင်းဖြင့် စီးနင်းလာသူတစ်ဦးတွင် COVID 19 ပိုးတွေ့

မန္တလေးမှ တာချီလိတ်သို့ လေကြောင်းဖြင့် စီးနင်းလာသူတစ်ဦးတွင် COVID 19 ပိုးတွေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မန္တလေး မှ တာချီလိတ်သို့ Air Thanlwin လေကြောင်းခရီးစဉ်ဖြင့် ၂၀၂၁ ခုနှစ် မေလ (၂၁) ရက်နေ့က လိုက်ပါလာသူတစ်ဦးသည် နေမကောင်းဖြစ်လာ၍ စစ်ဆေးရာ COVID 19 ပိုးတွေ့ရကြောင်း သိရသည်။

အဆိုပါ ခရီးသည်တွင် COVID 19 ပိုးတွေ့ရပြီးနောက် ကျန်ခရီးသည်များ COVID 19 စစ်ဆေးနိုင်ရန် ပြန်လည်ဆက်သွယ်နေကြောင်းနှင့် ၎င်းသည် မြဝတီမြို့မှ မန္တလေးမြို့သို့ မော်တော်ယာဉ်ဖြင့်လာခဲ့ပြီး မန္တလေး မှ တာချီလိတ်မြို့သို့ Air Thanlwin လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အတည်ပြုလူနာအား တာချီလိတ်ဆေးရုံဟောင်းရှိ ကုသဆောင်တွင်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မေလ (၁၇) ရက်နေ့ကလည်း မယ်ဆိုင်မှတစ်ဆင့် လွှဲပေးလာသည့်  ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသားများမှ COVID 19 ပိုးတွေ့သူ (၄) ဦးပါဝင်လာသဖြင့် ယနေ့အထိ စုစုပေါင်း အတည်ပြုလူနာ (၅) ဦးရှိနေပြီဖြစ်ပြီး ထိုင်းဘက်မှ ပြစ်ဒဏ်စေ့လွှဲပြောင်းပေးလာသည့်အဖွဲ့မှ ကျန် (၉၇) ဦးကို အသွားအလာကန့်သတ်ထားပြီး ယနေ့တွေ့ရသည့် အတည်ပြုလူနာနှင့် လေယာဉ်အတူစီးလာသူများကိုလည်း အသွားအလာကန့်သတ်မည်ဟု ဆိုသည်။

လတ်တလောတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများသည့် အိန္ဒိယနိုင်ငံ၊ ထိုင်း၊ လာအိုနှင့်  ဘင်္ဂလားဒေ့ရှ်တို့တွင် COVID 19 ကူးစက်မှုနှုန်းမြင့်တက်နေသော်လည်း မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ COVID 19 ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိတော့ဘဲဖြစ်နေသည်။