အိန္ဒိယနှင့်တရုတ် နယ်စပ်တလျှောက်ရှိ နှစ်နိုင်ငံ စစ်သားများ ငြင်းပွား နယ်စပ်ဧရိယာကနေ ပြန်လည် ဆုတ်ခွာ 

အိန္ဒိယနှင့်တရုတ် နယ်စပ်တလျှောက်ရှိ နှစ်နိုင်ငံ စစ်သားများ ငြင်းပွား နယ်စပ်ဧရိယာကနေ ပြန်လည် ဆုတ်ခွာ 
စက်တင်ဘာ 10, 2022 | နိုင်ငံတကာသတင်း
By Mr John

ဟိမဝန္တာတောင်တန်း အနောက်ပိုင်း နယ်စပ်တစ်လျှောက် ပိုင်ဆိုင်မှုအငြင်းပွား နယ်မြေအတွင်း အိန္ဒိယနှင့်တရုတ် စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး  (၂) နှစ်ကျော်ကြာ နှစ်ဖက် စစ်သားများသည် တပ်စွဲထားကြရာမှ စက်တင်ဘာလ (၁၂) ရက်နေ့တွင် အပြီးသတ် ပြန်လည်ဆုတ်ခွာတော့မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ (၉) ရက်နေ့တွင် ပြောသည်။

၂၀၂၀ ခုနှစ် ဇွန်လအတွင်း အိန္ဒိယနှင့်တရုတ် စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြရာ အနည်းဆုံး အိန္ဒိယစစ်သား (၂၀) ဦးနှင့် တရုတ်စစ်သား (၄) ဦး သေဆုံးခဲ့သည်။ 

ထိုခိုက်ရန်ဖြစ်ပွားမှုနောက်ပိုင်း Ladakh နယ်မြေအတွင်း နယ်စပ်တစ်လျှောက်သို့ နှစ်နိုင်ငံစစ်တပ်များက စစ်သားများ စေလွှတ်ချထားခဲ့ပြီး စောင့်ကြည့်ရင်ဆိုင်တွေ့နေခဲ့ကြသည်။

နှစ်နိုင်ငံ စစ်တပ်မှ အကြီးတန်းအရာရှိများကြား ဆွေးနွေးမှု အကြိမ်များစွာပြုလုပ်ခဲ့ကြပြီးနောက် နှစ်ဘက်စစ်သားများ နယ်စပ်တစ်လျှောက်မှ ပြန်လည်ဆုတ်ခွာ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

 စစ်သားများ ပြန်လည်ဆုတ်ခွာမှုမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားကြသည့် အာရှထိပ်သီး နှစ်နိုင်ငံကြား တင်းမာမှုမြင့်တက်ခြင်းကို ရှောင်ရှားရန် နှစ်နိုင်ငံအစိုးရများက ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဟု ဆိုသည်။

အိန္ဒိယနှင့်တရုတ်တို့က ၁၉၆၂ ခုနှစ်တွင် နယ်စပ်ကိစ္စနှင့်ပတ်သက်၍ စစ်ပွဲဖြစ်ပွားခဲ့ဖူးသည်။ 

ယခု နှစ်နိုင်ငံစစ်တပ်မှ စစ်သားများ ဟိမဝန္တာနယ်စပ်တစ်လျှောက်မှ ပြန်လည်ဆုတ်ခွာကြမည်ကို တရုတ်ဘက်ကလည်း အတည်ပြုခဲ့ကြောင်း သိရသည်။ 

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့က ဥဇဘက်ကစ္စတန်နိုင်ငံတွင် လာမည့် သီတင်းပတ်အတွင်း ပြုလုပ်ရန်ရှိသည့် အစည်းအဝေးတစ်ခုကို တက်ရောက်ဖွယ်ရှိရာ ထိုအစည်းအ‌ဝေးမတိုင်မီ စစ်သားများ ပြန်ဆုတ်ခွာမည်ဟု ဆိုသည်။

အိန္ဒိယနှင့်တရုတ် စစ်သားများက ဟိမဝန္တာအနောက်ပိုင်း Ladakh နယ်မြေရှိ Gogra-Hot Springs ဧရိယာမှ စက်တင်ဘာလ (၈) ရက်နေ့တွင် စတင်ဆုတ်ခွာခဲ့ကြကြောင်းနှင့် စစ်သားများ ပြန်လည်ဆုတ်ခွာမှုမှာ လာမည့် သီတင်းပတ်အစောပိုင်းတွင် အပြီးသတ်မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

ထို့အတူ နယ်စပ်တစ်လျှောက် နှစ်ဘက်လုံးက တည်ဆောက်ထားကြသည့် ယာယီအဆောက်အအုံများကိုလည်း သဘောတူညီမှုအရ ဖျက်သိမ်းသွားမည်ဟု သိရသည်။

၂၀၂၀ ခုနှစ် ဇွန်လအတွင်း အိန္ဒိယနှင့်တရုတ် စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြရာ အနည်းဆုံး အိန္ဒိယစစ်သား (၂၀) ဦးနှင့် တရုတ်စစ်သား (၄) ဦး သေဆုံးခဲ့သည်။ ထိုခိုက်ရန်ဖြစ်ပွားမှုနောက်ပိုင်း Ladakh နယ်မြေအတွင်း နယ်စပ်တစ်လျှောက်သို့ နှစ်နိုင်ငံစစ်တပ်များက စစ်သားများ စေလွှတ်ချထားခဲ့ပြီး စောင့်ကြည့်ရင်ဆိုင်တွေ့နေခဲ့ကြသည်။

Source: Reuters

Photo: Getty images, PTI,