စင်ကာပူနိုင်ငံတွင် ဆေးခြောက် (၁) ကီလိုဂရမ် သယ်ဆောင်ရောင်းဝယ်မှုဖြင့် အမျိုးသားတစ်ဦး ကွပ်မျက်ခံရ

စင်ကာပူနိုင်ငံတွင် ဆေးခြောက် (၁) ကီလိုဂရမ် သယ်ဆောင်ရောင်းဝယ်မှုဖြင့် အမျိုးသားတစ်ဦး ကွပ်မျက်ခံရ
By Mr John

စင်ကာပူနိုင်ငံတွင် ဆေးခြောက် (၁)ကီလိုသယ်ဆောင်လာမှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမျိုးသားတစ်ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရန် 

 ၎င်း၏ ဆွေမျိုးများနှင့် တက်ကြွလှုပ်ရှားသူများက အသနားခံခဲ့ကြသော်လည်း ၂၀၂၃ ခုနှစ် ဧပြီလ (၂၆) ရက်နေ့တွင် ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ 

ကွပ်မျက်ခံရသူမှာ အသက် (၄၆) နှစ်အရွယ် Tangaraju Suppiah ဖြစ်ပြီး ဆေးခြောက် (၁) ကီလိုဂရမ် (၂.၂ ပေါင်)ကို တရားမဝင် သယ်ဆောင်ရောင်းဝယ်မှုဖြင့် ၂၀၁၃ ခုနှစ်အတွင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တင်းကျပ်ပြင်းထန်သော ဥပဒေများ ပြဌာန်းထားမှုကြောင့် လူသိများသည့် စင်ကာပူတွင် Suppiah သယ်ဆောင်ရောင်းဝယ်ခဲ့သည့် ဆေးခြောက်ပမာဏမှာ သေဒဏ်ချမှတ်နိုင်သည့် သတ်မှတ်ချက်ထက် (၂) ဆဖြစ်နေကြောင်း သိရသည်။ 

ဆေးခြောက် (၁) ကီလိုဂရမ် သယ်ဆောင်ရောင်းဝယ်မှုဖြင့် Suppiah ကို သေဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း ၎င်း၏မိသားစုကို ကိုယ်စားပြုသည့် စင်ကာပူအခြေစိုက် တက်ကြွလှုပ်ရှားသူ Kokila Annamalai က အတည်ပြုခဲ့သည်။

ကွပ်မျက်မှုမတိုင်မီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အတွက် အသနားခံမှုများကို သမ္မတက ပယ်ချခဲ့ပြီးနောက် Suppiah ကို ကြိုးပေးကွပ်မျက်လိုက်ကြောင်း ၎င်းက ပြောသည်။ 

စင်ကာပူအစိုးရကမူ ယခုကွပ်မျက်မှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် မေးမြန်းမှုကို ချက်ချင်း မတုံ့ပြန်ခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြသည်။

သေဒဏ်ကို ဆန့်ကျင်သူအဖြစ် လူသိများသည့် ဗြိတိသျှ ဘီလျံနာ ရစ်ချတ်ဘရန်ဆန်က Suppiah ကို ပြစ်ဒဏ်ချမှတ်မှာ ပြစ်မှုထင်ရှားစီရင်မှုဆိုင်ရာ စံနှုန်းများနှင့် မကိုက်ညီကြောင်းနှင့် ၎င်း ဖမ်းဆီးခံရချိန်က မူးယစ်ဆေးဝါးများအနီးတွင် ရှိမနေခဲ့ဟု ထောက်ပြခဲ့သည်။

စင်ကာပူအစိုးရကမူ ဘရန်ဆန်က အမှားများကို ဖြန့်ဝေနေခဲ့ပြီး နိုင်ငံ၏ တရားစီရင်ရေးစနစ်ကို မလေးမစားပြုနေခဲ့ကြောင်း တုံ့ပြန်ခဲ့ကာ တရားရုံးများအနေဖြင့်  (၃) နှစ်ကျော်ကြာ အချိန်ယူစစ်ဆေးခဲ့သည်ဟု ဖြည့်စွက်ပြောခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံးကလည်း စင်ကာပူအစိုးရကို ကွပ်မျက်မှုများ ဆက်မလုပ်ရန်နှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် ပြစ်မှုများအတွက် ကွပ်မျက်မှုများကို တရားဝင်ဆိုင်းငံ့မှု ကျင့်သုံးရန် တောင်းဆိုခဲ့သည်။ 

စင်ကာပူနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း လူ (၁၁) ဦးကို ကွပ်မျက်ခဲ့ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတွင် သေဒဏ်ပြစ်မှုက ထိရောက်မှုရှိပြီး ၎င်း၏ ပြည်သူအများစုကလည်း အဆိုပါမူဝါဒကို ထောက်ခံအားပေးကြကြောင်း ပြောထားသည်။

Source: Reuters