ဖိလစ်ပိုင်နိုင်ငံရှိ မေယွန် မီးတောင်ပေါ်သို့ ပျက်ကျခဲ့သည့် လေယာဥ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးကြောင်း အတည်ပြု

ဖိလစ်ပိုင်နိုင်ငံရှိ မေယွန် မီးတောင်ပေါ်သို့ ပျက်ကျခဲ့သည့် လေယာဥ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးကြောင်း အတည်ပြု
ဖေဖော်ဝါရီ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

ဖိလစ်ပိုင်နိုင်ငံတွင် ပေါက်ကွဲနိုင်မှုအန္တရာယ် ကြီးမားသည့် မေယွန်မီးတောင် (Mayon volcano) ပေါ်သို့ ပျက်ကျခဲ့သည့် လေယာဥ်တွင် လိုက်ပါသွားသူ (၄) ဦးလုံး သေဆုံးသွားကြောင်း ကယ်ဆယ်ရေးသမားများက အတည်ပြုသည်ဟု အစိုးရတာဝန်ရှိသူများက ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် ပြောသည်။ 

ဝါရင့်တောင်တက်သမားများ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့က ပေါက်ကွဲနိုင်မှုအန္တရာယ် မြင့်မားသည့် မေယွန်မီးတောင်ပေါ် လေယာဥ်ပျက်နေရာသို့ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် စွန့်စားတက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

မနီလာမြို့တော်သို့ ထွက်ခွာလာသည့် Cessna 340 အမျိုးအစား လေယာဥ်ငယ်မှာ ဖိလစ်ပိုင်အလယ်ပိုင်း Albay ပြည်နယ်ရှိ Bicol အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံတက်သွားခဲ့ပြီးနောက် ဖေဖေါ်ဝါရီလ (၁၈) ရက် နံနက်နှောင်းပိုင်းတွင် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ 

လေယာဥ်ထွက်ခွာလာခဲ့သည့် Bicol အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မေယွန်မီးတောင် (Mayon volcano) မှ မိုင် (၃၀) အကွာတွင် တည်ရှိသည်။

မီးတောင်ပေါ်သို့ လေယာဥ်ပျက်ကျမှုအတွင်း သေဆုံးခဲ့များအနက် ဩစတြေးလျနိုင်ငံသား (၂) ဦး ပါဝင်ကြောင်း သိရသည်။ 

ကယ်ဆယ်ရေးအဖွဲ့က ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့တွင် လေယာဥ်ပျက်ရှိရာ မီးတောင်ပေါ်သို့ ရောက်ရှိခဲ့ကြပြီး လေယာဥ်ပေါ်တွင် လိုက်ပါလာသူများအနက် အသက်ရှင်ကျန်သူ မရှိကြောင်း အတည်ပြုခဲ့သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူ Carlos Baldo က ပြောသည်။

"ကျွန်တော်တို့ လေယာဥ်ပျက်ကျတဲ့နေရာကို တွေ့ရှိခဲ့ပါတယ်။ အသက်ရှင်သူရှိတဲ့ အရိပ်အယောင် မတွေ့ရပါဘူး" ဟု Baldo က ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အတည်ပြုခဲ့သည်။ 

လေယာဥ်ပျက်ကျမှုကြောင့်‌ သေဆုံးခဲ့သူ (၄) ဦး၏ အလောင်းများကို မတ်စောက်သည့် မေယွန်မီးတောင်အောက်သို့ ပြန်လည်သယ်ယူရန် လူ (၁၇၉) ဦးပါ အဖွဲ့ဖြင့် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။

အလောင်းများ ပြန်လည်သယ်ယူလာသည့် အဖွဲ့က တောင်ခြေသို့ ဖေဖေါ်ဝါရီလ (၂၃) ရက် ညနေပိုင်းတွင် ရောက်ရှိမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ 

လေယာဥ်အပျက်အစီးကို မီးတောင်၏ အနောက်ဘက်ခြမ်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၃,၅၀၀) မှ (၄,၀၀၀) ခန့်တွင် တွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ မြို့ပြလေကြောင်းပျံသန်းမှု အာဏာပိုင်အဖွဲ့ Civil Aviation Authority of the Philippines (CAAP) က ပြောသည်။

မေယွန်မီးတောင်၏ မတ်စောက်သည့် မြေပြင်အခြေအနေကြောင့် ကယ်ဆယ်ရေးအဖွဲ့အတွက် အလွန်ခက်ခဲခဲ့ကြောင်းနှင့် တစ်ကြိမ်လျှင် တစ်ဦးသာ တက်ရောက်နိုင်သည့် တောင်ကြောနေရာများလည်းရှိကြောင်း မီးတောင်အနီးရှိ Albay မြို့ ဘေးအန္တရာယ်ဆိုင်ရာဌာနမှ အရာရှိ Cedric Daep က ဆိုသည်။ 

မီးတောင်၏ မတ်စောက်သည့် မြေပြင်အခြေအနေကြောင့် အလောင်းများကို ပြန်လည်သယ်ယူရာတွင် တစ်ရက်ထက်ပိုကြာနိုင်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ယခုလေယာဥ်မှာ ၎င်းတို့ ကုမ္ပဏီပိုင်ဖြစ်ကြောင်း မနီလာမြို့အခြေစိုက် Energy Development Corporation (EDC) က အစောပိုင်းတွင် ပြောထားသည်။ 

လေယာဥ်ပေါ်တွင် လိုက်ပါသွားသည့် ဩစတြေးလျနိုင်ငံသား (၂) ဦးမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကုမ္ပဏီ EDC အတွက် နည်းပညာပိုင်းဆိုင်ရာ အကြံပေးများအဖြစ် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

လေယာဥ်ပျက်ကျခဲ့သည့် မေယွန်မီးတောင်မှာ ဖိလစ်ပိုင်တွင် လှုပ်ရှားသက်ဝင်မှုအရှိဆုံး မီးတောင်ဖြစ်ပြီး ၂၀၁၈ ခုနှစ်က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ တန်ချိန်နှင့်ချီသည့် ပြာမှုန်များ၊ ကျောက်တုံးကျောက်ခဲများနှင့် မီးတောင်ချော်ရည်များ ထွက်ရှိလာခဲ့သည်။ ထိုမီးတောင်စောင်းပေါ်သို့ တက်ရောက်ခြင်းကို ကန့်သတ်ထားကြောင်း သိရသည်။

Source: AFP

Photo: Bureau of Fire Protection Camalig / AP, PHILIPPINE INFORMATION AGENCY, CAMALIG MAYOR CALOY BALDO,