အာဖဂန်နစ္စတန်၏ မြို့တော် ကာဘူးလ်ကို တာလီဘန်တို့ သိမ်းလိုက်ပြီးနောက် နိုင်ငံအသီးသီးမှ သံတမန်များ ထွက်ခွာနေကြပြီး ကာဘူးလ်မှထွက်ခွာလိုသည့် ပြည်သူများ လေဆိပ်တွင် စုပြုံ

အာဖဂန်နစ္စတန်၏ မြို့တော် ကာဘူးလ်ကို တာလီဘန်တို့ သိမ်းလိုက်ပြီးနောက် နိုင်ငံအသီးသီးမှ သံတမန်များ ထွက်ခွာနေကြပြီး ကာဘူးလ်မှထွက်ခွာလိုသည့် ပြည်သူများ လေဆိပ်တွင် စုပြုံ
သြဂုတ် 16, 2021 | နိုင်ငံတကာသတင်း

အာဖဂန်နစ္စတန်နိုင်ငံ၏ မြို့တော်ကာဘူးလ်တွင် သမ္မတစွန့်ခွာသွားသည့် နန်းတော်ကို တာလီဘန်များ သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင် ကဘူးလ်မှထွက်ခွာလိုသည့် ပြည်သူများက လေဆိပ်တွင်စုပြုံတိုးဝှေ့နေပြီး မြို့ထဲတွင်လည်း တိတ်ဆိတ်ခြောက်သွေ့နေကြောင်း သိရသည်။

ကဘူးလ်မှ ထွက်ခွာရန်ကြိုးစားနေသည့် ပြည်သူများက လေဆိပ်တွင် သံတမန်များနှင့် မိသားစုများ၊ သံရုံးဝန်ထမ်းများကို ခေါ်ဆောင်မည့်လေယာဉ်ပေါ်သို့ အလုအယက်တိုးဝှေ့တွယ်တက်ရန် ကြိုးစားကြသဖြင့် သံတမန်များအား ကယ်ထုတ်နေသည့် အမေရိကန်တပ်ဖွဲ့က လေထဲသို့ ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရကြောင်း သိရသည်။

တာလီဘန်ပြောရေးဆိုခွင့်ရှိသူက အာဖဂန်တွင် စစ်ပွဲများပြီးဆုံးသွားပြီဟု ဩဂုတ်လ (၁၅) ရက်နေ့က အယ်လ်ဂျာဇီးယားမူဘရှာတီဗီသို့ ပြောကြားထားပြီး မကြာမီ နိုင်ငံအား မည်သည့်စနစ်ဖြင့် အုပ်ချုပ်မည်ကို ကြေညာမည်ဖြစ်ကာ လတ်တလောတွင် နိုင်ငံခြားတပ်ဖွဲ့အားလုံးထွက်ခွာသွားစေလိုသည်ဟုလည်း ရိုက်တာသတင်းဌာနသို့ အမည်မဖေါ်လိုသည့် တာလီဘန်တာဝန်ရှိသူက ပြောထားသည်။

လက်ရှိတွင် နိုင်ငံအသီးသီးက မိမိတို့သံအဖွဲ့များ ဘေးကင်းစွာ ထွက်ခွာနိုင်ရေး လုပ်ဆောင်နေကြပြီး နိုင်ငံအချို့မှ သံအဖွဲ့များအား ကယ်ထုတ်သည့်လေယာဉ်များ ထွက်ခွာလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်က အာဖဂန်တွင် နှစ် ၂၀ ကြာ တပ်စွဲထားမှုကို အဆုံးသတ်ကြောင်း ကြေညာကာ  တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းလိုက်ပြီးနောက် တာလီဘန်တပ်ဖွဲ့များက နိုင်ငံတွင်း ပြည်နယ် (၃၄) ခုကို (၉) ရက်အတွင်းသိမ်းပိုက်ခဲ့ပြီးနောက် ဩဂုတ်လ (၁၅) ရက် နံနက်ပိုင်းတွင် ကဘူးလ်မြို့တော်ကို သိမ်းလိုက်ခြင်းဖြစ်သည်။

ကဘူးလ်မြို့မှာ တာလီဘန်တပ်ဖွဲ့ဝင်များ မရောက်မီကတည်းက သမ္မတ Ashraf Ghani နှင့် အစိုးရအဖွဲ့ ထိပ်တန်းအရာရှိများက နိုင်ငံတွင်း သွေးမြေကျမှုကို ကာကွယ်ရန်ဟုဆိုကာ တိုင်းပြည်မှ ထွက်ခွာသွားခဲ့သည်။

နိုင်ငံမြို့တော် ကဘူးလ်ကို သိမ်းပိုက်ပြီးနောက် တာလီဘန်တို့က စစ်ပွဲအဆုံးသတ်ပြီဖြစ်ကြောင်း ပြောကြားသည့်အပြင် နိုင်ငံ၏ အမည်ကို အစ္စလာမ်မစ်စော်ဘွားများနိုင်ငံအဖြစ် အမည်ပြောင်းမည်ဟု ကြေညာထားသည်။

#TachileikNewsAgency

Source: The Guardian