တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံရှိသည့် (၅)ဦးမြောက် သေဆုံးမှုအဖြစ် ပြည်သူ့စစ် ဒုခေါင်းဆောင် တစ်ဦး ထပ်မံသေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံရှိသည့် (၅)ဦးမြောက် သေဆုံးမှုအဖြစ် ပြည်သူ့စစ် ဒုခေါင်းဆောင် တစ်ဦး ထပ်မံသေဆုံး
ဇူလိုင် 26, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့ ညပိုင်း၌ Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံရှိသည့် မယ်ခေါင်ရပ်ကွက်မှ ပြည်သူ့စစ်ဒုခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။

ကွယ်လွန်သွားသူသည် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် ဒုပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ထမ်းဆောင်နေသူ အသက်(၄၅)နှစ်အရွယ် ဖြစ်ပြီး ၎င်းသည် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ရှိရသူဖြစ်၍ Covid-19 စောင့်ကြည့်စင်တာ(ဝမ်လုံး)တွင် ထားရှိပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံသို့ ပြောင်းရွှေ့လာရပြီး အောက်ဆီဂျင်ပေးထားရသူဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် ဆီးချို နှင့် နှလုံးရောဂါအခံရှိသူ တစ်ဦးကြောင်းသိရပြီး ဆေးရုံတွင် နေ့ရောညပါ အောက်ဆီဂျင်ပေးထားရသူဖြစ်ကြောင်းနှင့် ယနေ့ ညတွင်းချင်း မေတ္တာရှင် သာရေး နာရေးလူမှုကူညီရေးအသင်းက မြို့မသုဿန်သို့ ပို့ဆောင်ကို သင်္ဂြိုလ်ပေးထားကြောင်း သိရသည်။

 

 တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း  ဇူလိုင်လ(၁၉)ရက်နေ့က အသက်(၆၃)နှစ်အရွယ် နှင့်(၆၅)နှစ်အရွယ် အတည်ပြုလူနာ (၂)ဦး၊ ဇူလိုင်လ(၂၄)ရက်နေ့က အသက် (၇၀) နှင့် (၇၁)နှစ်အရွယ် အတည်ပြုလူနာ (၂) ဦးနှင့် ဇူလိုင်လ(၂၅)ရက်နေ့ ညပိုင်းတွင် အသက်(၄၅)နှစ်အရွယ် အတည်ပြုလူနာ (၁) ဦး စုစုပေါင်း သေဆုံးသူ (၅)ဦးရှိပြီဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ဇူလိုင်(၂၅)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁၀၀၀)နီးပါးအထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူများမှာ (၄၅၀)နီးပါးအထိ ရှိကြောင်း သိရသည်။