(၁၈)ရက်အကြာ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်ကြား ပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီး အပါအဝင် အများအပြား သေဆုံး

(၁၈)ရက်အကြာ နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်ကြား ပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်မှူးကြီး အပါအဝင် အများအပြား သေဆုံး

 ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း နယ်စပ်ဒေသများတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (၁၈)ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မန္တလေး PDF က  ဧပြီလ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ခလရ(၁၄၇) ၊ ခလရ (၂၅၃) ၊ ခလရ (၂၅၈) ၊ ခမရ (၅၀၈) ၊ အမတ (၂၀၆) ၊ ခမရ(၄၁၉)၊ ခမရ (၁၄)၊ အင်အား(၄၀)ပါ စနိုက်ဘာအထူးတပ်ဖွဲ့နှင့် ဒေသခံ ပြည် သူ့စစ်တပ်ဖွဲ့များအပါ အင်အား (၉၀၀)နှင့် (၁၀၀၀)ကြားဖြင့် ထိုးစစ်ဆင်လာရာ (၁၈)ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တစ်နေကုန် ရင်ဆိုင်တိုက်ခိုက်ရသည့် တိုက်ပွဲကြီး (၄)ကြိမ်နှင့် တိုက်ပွဲငယ် (၁၈) ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ဒါ့အပြင်စစ်ကောင်စီတပ်သည် Yak 130၊ MiG 29၊ SU 30၊ K8W အမျိုးအစား လေယာဉ်များ၊ Mi 35 ရဟတ်ယာဉ်များဖြင့်  လေကြောင်းတိုက်ခိုက်မှု (၃၃)ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူအနေဖြင့် (၆၀)မမ ၊ (၈၁)မမ ၊ (၁၂၀) မမ ၊ (၁၅၅)မမ များ  အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ကျေးရွာများအတွင်းသို့ ကျရောက်ခဲ့ပြီး နေအိမ်ပျက်စီးမှုများပြားကာ အရပ်သား (၇)ဦး သေဆုံး၍ ဒဏ်ရာရသူတစ်ချို့ရှိခဲ့သည်ဟု သိရသည်။

ဧပြီလ (၂၂) ရက်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားသည့် ခလရ(၁၄၇) စခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ စခန်းစွန့်ထွက်ပြေးသဖြင့် အစားထိုး နေရာယူနိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်များရှိရာနေရာကို အိမ်စီးကား (၂)စီးဖြင့် ရောက်ရှိလာ၍ စစ်ဆေးခဲ့ပြီး စစ်ကောင်စီ ယူနီဖောင်းဝတ်တစ်ဦးပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု ဆိုသည်။

 

ပစ်ခတ်ဖမ်းဆီးခဲ့ရာ တာတိုင်ကျေးရွာနှင့် ငုက္ခလေးကျေးရွာအကြားတွင် အိမ်စီးကားတစီးရပ်တန့်သွားပြီး ကားပေါ်မှ ခလရ။ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက် သေခံပစ္စည်းများနှင့်တကွ အသေဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။

  

ဧပြီလ(၂၂)ရက်နေ့တွင်ပင် နောင်ချိုမြို့ပေါ်ရှိ စစ်ကောင်စီ၏ ခလရ (၁၁၄)နှင့် ခလရ(၁၁၅)တို့အား ရှော့တိုက်ဒုန်းများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ(၁၁၄) တပ်ဝန်းအတွင်းသို့ ကျရောက် ပေါက်ကွဲပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးနိုင်သည်ဟု ဆိုသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်၏ ခလရ(၁၄၇) တပ်ရင်းမှုး ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ခလရ(၂၅၈)မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦးနှင့် ခလရ (၂၅၃)မှ တပ်ခွဲမှုး ဗိုလ်ကြီးတစ်ဦး အပါအဝင်   (၁၀၀)ဦး ဝန်းကျင်ထိ သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ရဲဘော်(၁၁)ဦး ကျဆုံးခဲ့ရပြီး ထိ ခိုက်ဒဏ်ရာရမှုတစ်ချို့ရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ထံမှ MA(3) ၃ လက်၊  ၅.၅၆  ကျည် အများအပြား ၊ ၉ မမ ကျည် အတောင့်(၂၀)၊  ၆၀ မမ အသီး (၁၀)လုံး နှင့် အခြားဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။