အာဏာသိမ်းပြီးနောက် ရာထူးတိုးလာသည့် UEC ဒုညွှန်ချုပ် သေနတ်ဖြင့်(၁၂)ချက် ပစ်သတ်ခံရ

အာဏာသိမ်းပြီးနောက် ရာထူးတိုးလာသည့် UEC ဒုညွှန်ချုပ် သေနတ်ဖြင့်(၁၂)ချက် ပစ်သတ်ခံရ

 ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်(UEC) ဒုတိယညွှန်ကြား​ရေးမှူးချုပ် တစ်ဦး သေနတ်ဖြင့် (၁၂)ချက် ပစ်သတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၂)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်(UEC) ဒုတိယညွှန်ကြား​ရေးမှူးချုပ် ဦးစိုင်းကျော်သူသည် ၎င်း၏ ဇနီးဖြစ်သူ ဆရာဝန်အား ဆေးခန်းသို့ ပို့ဆောင်ပြီး တစ်ယောက်တည်း ပြန်လာစဉ် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အောင်ရတနာဆေးခန်းအနီးတွင် သေနတ်ဖြင့် (၁၂)ချက် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ် နှင့် လက်တို့တွင် ကျည်များထိမှန်ကာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၀ ​ရွေး​ကောက်ပွဲတွင် ​ပြည်​ထောင်စု​ရွေး​ကောက်ပွဲကော်မရှင်(UEC)အား မလျော်ဩဇာလွှမ်းမိုးခြင်းများ​ကြောင့်ဟုဆိုကာ ရာဇသတ်ကြီးဥပ​ဒေ ပုဒ်မ ၁၃၀-က ဖြင့်  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ​နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်​အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီ ဦးမင်းသူတို့ကို အမှုဖွင့် စွဲချက်တင်လိုက်သည့် အမှုနှင့် ပတ်သက်ပြီး  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် စိတ်တိုင်းကျ ၎င်းသည် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။ 



၎င်းသည် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့က  ညွှန်ကြားရေးမှူး အဆင့်ကနေ ဒုတိယညွှန်ကြားရေးမှူးချုပ်(ရွေးကောက်ပွဲခုံရုံးဆိုင်ရာ)အဖြစ် ရာထူးတိုးခံရခြင်း ဖြစ်ကြောင်း သိရသည်။