ကော့ကရိတ်မြို့ရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်

ကော့ကရိတ်မြို့ရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်
အောက်တိုဘာ 24, 2023 | 2021 Military Coup| အခြားဒေသများ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာအနီးရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်းပစ်ကူများဖြင့် ယနေ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဆင်ကုန်းကျေးရွာအနီးရှိ တော်လှန်ရေးတပ်ဖွဲ့စခန်းကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များသည် ဆင်ကုန်းနှင့် တတန်ကူးကျေးရွာကြား၌ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူအပြင် ရဟတ်ယာဉ်ဖြင့်လည်း လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

“အခုအေးနေတယ်။ မြို့ပြင်မှာဘဲဖြစ်တာ။ လေယာဉ်တွေနဲ့ နှစ်ပတ်လောက်ဝဲပြီးပစ်သွားတယ်။ ပြီးတော့ပြန်သွားတယ်။ နေ့လည်ပိုင်းလောက်ကအထိ လက်နက်ကြီးနဲ့ ပစ်လိုက်၊ နားလိုက် ပစ်နေတာ။”ဟု ကော့ကရိတ်မြို့မှ ဒေသခံတစ် ဦးက Tachileik News Agencyကိုပြောသည်။ 

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ တော်လှန်ရေးတပ်များ အခြေပြုလှုပ်ရှားနေသော ဆင်ကုန်းစခန်းကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ရှင်းလင်းသိမ်းဆည်းခဲ့ပြီး တော်လှန်ရေးတပ်များ စခန်းချရာ နယ်မြေတကြောသို့ လက်နက်ကြီးပစ်ကူများဖြင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည်ဟု ဝါဒဖြန့်ထားသည်။ 

“ကျွန်တော်တို့ ဝင်ရောက်စီးနင်းခံရခြင်းမရှိပါဘူးခင်ဗျ။ အခုကျွန်တော်တို့ တန်ပြန်တိုက်စစ်ဆင်နိုင်တယ်ပေါ့လေ။ လောလောဆယ်ကတော့ သူတို့ပြောတဲ့နေရာကတော့မှန်တယ်။ ဒါပေမယ့် စီးနင်းခံရတာမရှိဘူး။”ဟု Southern Eagle PDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး Southern Eagle PDFတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency