ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က နေအိမ်တစ်အိမ်အတွင်း ဝင်ရှာပြီး ပစ္စည်းများနှင့် ဆိုင်ကယ်တစ်စီးကို ရိုက်ချိုး ဖျက်ဆီးသွား

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က နေအိမ်တစ်အိမ်အတွင်း ဝင်ရှာပြီး ပစ္စည်းများနှင့် ဆိုင်ကယ်တစ်စီးကို ရိုက်ချိုး ဖျက်ဆီးသွား
သြဂုတ် 9, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ် ( ၇ )ရပ်ကွက်မှ နေအိမ်တစ်လုံးကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲအင်အား ( ၄၀ )ဝန်းကျင်ဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ( ၈ )ရက် ညသန်းခေါင်အချိန်၌ ဝင်ရောက်ရှာဖွေမှုအတွင်း လူမရှိသဖြင့် နေအိမ်မှ ပရိဘောဂပစ္စည်းများနှင့် ဆိုင်ကယ်တစ်စီးကို ရိုက်ချိုးဖျက်ဆီးသွားကြောင်း သိရသည်။

ဩဂုတ်လ( ၈ )ရက်၊ ည (၁၁) နာရီ (၄၅) မိနစ်ဝန်းကျင်က ကျောက်မဲမြို့ ၊ အမှတ် ( ၇ )ရပ်ကွက် ခဲအင်းရပ်ရှိ လူနေအိမ်တစ်လုံးအား အိမ်စီးကား (၂) စီးနှင့် စစ်ကား (၃) စီးတွင် အမျိုးသမီးရဲမေအချို့နှင့် စစ်သားများ  စုစုပေါင်း အင်အား ( ၄၀ )ဝန်းကျင်ဖြင့် ဝင်လမ်း ထွက်လမ်းများ ပိတ်ဆို့ကာ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေ ကြခြင်း ဖြစ်သည်။

၎င်းတို့ ဝင်ရောက်ရှာဖွေသော နေအိမ်တွင် လက်ရှိနေထိုင်နေသူ တစ်ဦးမှ မရှိသော်လည်း သော့ခတ်ထားသည့် နေအိမ်၏ ပြတင်းတံခါးများကို ဖျက်ဆီးဝင်ရောက်ကာ အဝတ်ဗီဒိုများကိုမွှေနှောက်ရှာဖွေ ဖျက်ဆီးသွားပြီး နေအိမ်အတွင်းသိမ်းဆည်းထားသော ဆိုင်ကယ်တစ်စီးကိုလည်း ရိုက်ချိုးဖျက်ဆီးသွားခြင်း ဖြစ်သည်။

ဇူလိုင်လကုန်နှင့် ဩဂုတ်လ၏ လဆန်းပိုင်းမှစတင်၍ ကျောက်မဲမြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်း အာဏာသိမ်းအဖွဲ့၏ စစ်တပ်၊ ရဲနှင့် စရဖ တို့ပါဝင်သည့်အဖွဲ့က ညပိုင်းအချိန်၌ နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများလုပ်နေပြီး PDF ဟုစွပ်စွဲဖမ်းဆီးခံထားရသူ (၁၀) ထက်မနည်းကိုမည်း မိသားစုများနှင့် အဆက်အသွယ်ဖြတ်ထားသည်ဟု သိရသည်။