မိုင်းဖြတ်မြို့တွင် ရေအားလျှပ်စစ်မီးနှင့် အဆင်မပြေတော့၍ တာချီလိတ် နှင့် တာလေကဲ့သို့ လျှပ်စစ်မီး (၂၄)နာရီ ရရှိရေး ဒေသခံများ လိုလားနေ

မိုင်းဖြတ်မြို့တွင် ရေအားလျှပ်စစ်မီးနှင့် အဆင်မပြေတော့၍ တာချီလိတ် နှင့် တာလေကဲ့သို့ လျှပ်စစ်မီး (၂၄)နာရီ ရရှိရေး ဒေသခံများ လိုလားနေ
ဧပြီ 23, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တချီလိတ်ခရိုင်အတွင်း မိုင်းဖြတ်မြို့တွင် လက်ရှိအသုံးပြုနေရသည့် ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီ၏ လျှပ်စစ်များကို တစ်နေ့လျှင် နာရီဝက်သာ ရရှိနေ၍ ဒေသခံများအနေဖြင့် တာချီလိတ်မြို့ နှင့် တာလေမြို့ကဲ့သို့ (၂၄)နာရီ လျှပ်စစ်မီး ရရှိရေး မျှော်လင့်နေကြကြောင်း သိရသည်။

မိုင်းဖြတ်မြို့တွင် ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီက နမ့်လုံချောင်းပေါ် ၂၀၁၃ခုနှစ် ဧပြီလကစပြီး လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် အကောင်အထည်ဖော်ရာမှ ၂၀၁၅ခုနှစ် ဩဂုတ်လအတွင်းကစပြီး လျှပ်စစ်မီးများကို ဖြန့်ဖြူးလာရာတွင်  320KVA ဒိုင်နမိုမှ ထုတ်လုပ်သည့် လျှပ်စစ်မီး ဖြန့်ဝေးရောင်းချမှု ပမာဏများကို ကြီးကြပ် ထိန်းကြောင်းနိုင်ရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက မီးလင်းရေးကော်မတီကို တရားဝင် ဖွဲ့စည်းပေးခဲ့ပြီးနောက် ရေအားလျှပ်စစ်မှ ထုတ်လုပ်သည့် လျှပ်စစ်မီး ပမာဏ နှင့် အိမ်ခြေပမာဏများကို မျှတအောင် ပေးနိုင်ခဲ့သော်လည်း ဒေသအတွက် ကြီးကြပ်ပေးသည့် အဆိုပါ ကော်မတီ မရှိတော့သည့်နောက် လျှပ်စစ်မီး မနိုင်ဘဲ အိမ်ခြေများစွာ တိုး၍ ပေးဝေနေခြင်း ဖြစ်ကြောင်း သိရသည်။

"အခုက နွေရာသီဆိုတော့ ပိုဆိုးတယ်လေ။ မီးကမမှန် တစ်ရက်ကို နာရီဝက်လောက်ပဲလာတယ်။ ဒီဘက်လိုင်းကို နာရီဝက်ပေးလိုက်။ ဟိုဘက်လှည့်ပေးလိုက်နဲ့ အဲလိုလုပ်နေတာ တစ်လကျော်ကျော်လောက်ရှိပြီ။ အရင်က မြို့မိမြို့ဖတွေပါတဲ့ ကော်မတီဖွဲ့ထားသေးတယ်။ မြို့နယ်ကဖွဲ့ပေးထားတာ မီးလင်းရေးကော်မတီပေါ့နော်။ အဲဒီတုန်းကတော့ မင်းတို့ မီးကဒီလောက်ဆိုရင် မီတာဘောက် ဘယ်လောက်ပဲ လက်ခံပေါ့ အဲလိုကြီးကြပ်ပေးတာ။ အခုက မီးကော်မတီလည်း မရှိတော့ဘူး။ ကြီးကြပ်မယ့်သူက မရှိတော့ သူတို့ပေးချင်သလိုပေးတော့တာပဲ။ မီတာဘောက်ခ ကျပ်ငွေ(၆)သိန်းခွဲလာပေးရင် သူတို့က မီးသွယ်ပေးလိုက်တာပဲ။"ဟု လုံခြုံရေးအရ အမည်မထုတ်ပြောလိုသူ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဧပြီလ(၂၃)ရက်နေ့တွင် ပြောသည်။

ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီအနေဖြင့် ၂၀၁၆ခုနှစ် ဧပြီလအတွင်းထိ ရောင်းချထားသည့် မီတာဘောက်များမှာ (၃၅၀)လုံးရှိနေရာမှ ဒေသအတွင်း လျှပ်စစ်မီး အလုံအလောက်ရရှိရန်အတွက် လျှပ်စစ်မီးထုတ်လုပ်မှု စက်ယန္တယားများ တိုးချဲ့ခြင်းမရှိဘဲ ယခု ၂၀၂၃ခုနှစ်တွင်းအထိ လျှပ်စစ်မီတာအလုံးရေ  (၁၂၀၀)ကျော် ရောင်းချထားပြီဖြစ်ကြောင်း သိရသည်။

ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် သုံးပြုရပူံ

တာချီလိတ်ခရိုင်အတွင်းမြို့များဖြစ်သည့် တာချီလိတ်၊ တာလေ၊ ကျိုင်းလပ် နှင့် မိုင်းဖြတ်မြို့များအနက် တာချီလိတ်၊ တလေ၊ ကျိုင်းလပ်မြို့တို့မှာ လာအို နှင့် ထိုင်းလျှပ်စစ်မီးများကို ရယူသုံးစွဲထားကြသည့် မြို့များဖြစ်သလို သုံးစွဲ မီတာယူနှစ်များကိုလည်း သက်ဆိုင်ရာ မီးလင်းရေးရုံးများက လစဉ် မီတာယူနစ်များတွက်ချက်၍ ကောက်ခံခြင်းဖြစ်သော်လည်း ရေအားလျှပ်စစ်ကို အသုံးပြုနေရသည့် မိုင်းဖြတ်မြို့က လျှပ်စစ်မီးအသုံးပြုခများကို ဖုန်းကတ်များသဖွယ် ကြိုတင်ငွေဖြည့်ပြီးမှသာ သုံးရသည့် ဒေသလည်း ဖြစ်သည်။

ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် သုံးပြုရပူံ



"မိုင်းဖြတ်မှာကျတော့ ကတ်စနစ်နဲ့ သွားတာကိုး။ လျှပ်စစ်မီးသုံးစွဲခွင့် သက်တမ်းကုန်သွားရင် သူတို့ဆီမှာ ကတ်သက်တမ်း သွားထည့်ရတယ်။ ငွေသွားဖြည့်ပြီးမှ မီးက ပြန်ရတာပေါ့။ အဲဒါကတ်သွားထိုးရတာကလည်း တစ်ခါထိုးရင် တစ်ယူနစ်လောက်ပါသွားတာ။ ကိုယ်က ယူနစ် (၅၀)လောက်သွင်းလာရင် အိမ်ရောက်ရင် (၄၉)ယူနစ်စာပဲ ကျန်တော့တယ်၊။ မီတာအလုံးပေါင်းကများတော့ သူတို့အတွက်တော့ ကိုက်တာပေါ့။ အခုက မီတာတွေကများလာပြီး မီးအားက မမျှတော့ဘူးပေါ့။ အဲဒီတော့ မပေးနိုင်တော့ဘူးဖြစ်တာ။ မိုင်းဖြတ်မှာ မီးက အဆင်မပြေတော့ဘူး။"ဟု နမ့်လန်းတွင် နေထိုင်သူ တစ်ဦးက ပြောသည်။



ကန်လုံရေအားလျှပ်စစ်ကုမ္ပဏီအနေဖြင့် မိုင်းဖြတ်မြို့နယ်အတွင်းသို့ အခြားလျှပ်စစ်လုပ်ငန်းများ ဝင်ရောက်နိုင်ခြင်း မရှိရန်အတွက် မိုင်းဖြတ်မြို့အနေဖြင့် ၎င်းတို့၏ လျှပ်စစ်မီးတစ်ခုတည်းနဲ့သာ လုံလောက်မှုရှိသည်ဟု မြေပြင်ကွင်းဆင်းလေ့လာမှုမရှိသည့်   ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း(ကျိုင်းတုံ)နှင့် အထက်ဌာနများသို့ နှုတ်အားဖြင့် တင်ပြမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

"အရင်ကကြားတာကတော့ လာအိုကနေ မီးယူမယ်ဆိုပြီးကြားတယ်။ ဒါပေမဲ့ အခုမီးပေးတဲ့ ကုမ္ပဏီက သူတို့ မီးကလောက်ပါတယ်ဆိုပြီး အထက်ကို ပြောထားတော့ လာအိုမီးလည်း မဝင်လာဖြစ်ဘူးပေါ့။ လာအိုမီးဆိုရင် တစ်ခြား ကုမ္ပဏီဝင်မှာဆိုတော့ သူများမဝင်ခိုင်းဘဲ သူတို့မီးနဲ့လောက်ပါတယ် လုပ်တာပေါ့။  EPC မီးကကျတော့ ည (၆)ကနေ  (၉)နာရီခွဲအထိပဲပေးတာ။ ဒါကလည်း လူတိုင်းမရပါဘူး။ သူတို့ဟာနဲ့သူတို့တောင် အဆင်မပြေဖြစ်နေတာ။"ဟု မိုင်းဖြတ်မြို့ ဈေးတန်းရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ကြိုတင်ငွေဖြည့်ကတ်ထည့်ပြီး သုံးရသည့် မီတာဘောက်များ



ယင်းအပြင် မိုင်းဖြတ်မြို့သို့ ကျိုင်းတုံဘက်က လျှပ်စစ်မီး ရောက်ရှိရန်အတွက် တိုင်များစိုက်ထူထားပြီးဖြစ်သော်လည်း လက်ရှိတွင် နိုင်ငံရေးအပြောင်းအလဲများကြောင့် ရပ်တန့်သွားခဲ့ရသည်ဟုလည်း ဆိုသည်။

"အရင်အစိုးရလက်ထက်က မိုင်းဖြတ်ကို ကျိုင်းတောင်းမီးလာမယ်ဆိုပြီး လုပ်ထားတာ။ တိုင်တွေတောင် ထူထားပြီးပြီဆိုတော့ အဆင်သင့်ပဲလေ။ အစိုးရကပေးတဲ့ ကျိုင်းတောင်းရေအားလျှပ်စစ် မီးရရင်တော့ ကောင်းတာပေါ့။ ။ အခုတော့ နိုင်ငံတော်က အပြောင်းအလဲတွေနဲ့ဆိုတော့  ဘာအသံမကြားတော့ဘူး"ဟု ၎င်းက ဆိုသည်။

ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် တည်ရှိသည့် မိုင်းဖြတ်မြို့သည် တာချီလိတ်ခရိုင်အောက်တွင် ထည့်သွင်း ဖွဲ့စည်းထားသည့် မြို့တစ်မြို့ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း (၂၄)ခုပြီး အများဆုံးနေထိုင်သည့် လူမျိုးများမှာ လားဟူ နှင့် ရှမ်းတိုင်းရင်းသားများဖြစ်သည်။