တာချီလိတ်မြို့တွင် တိုင်းမှူးခရီးစဉ်ရှိမှ မီးပွိုင့်များ မီးပြန်လင်းကာ ယာဉ်ထိန်းများ လမ်းပေါ် ထွက်လာ

ပုံအညွှန်း - တိုင်းမှူးနှင့်အဖွဲ့က  စံလင်းဖြိုးကုမ္ပဏီ၏ အာယုဒါနအောက်ဆီဂျင် ထုတ်စက်ရုံတွင် ကြည့်ရှုစဉ်
ပုံအညွှန်း - တိုင်းမှူးနှင့်အဖွဲ့က  စံလင်းဖြိုးကုမ္ပဏီ၏ အာယုဒါနအောက်ဆီဂျင် ထုတ်စက်ရုံတွင် ကြည့်ရှုစဉ်
တာချီလိတ်မြို့တွင် တိုင်းမှူးခရီးစဉ်ရှိမှ မီးပွိုင့်များ မီးပြန်လင်းကာ ယာဉ်ထိန်းများ လမ်းပေါ် ထွက်လာ
စက်တင်ဘာ 19, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မီးပွိုင့် မီးမလင်းခြင်း နှင့် လမ်းဆုံများတွင်  ယာဉ်ထိန်းရဲများ ယာဉ်လမ်းစည်းကမ်းအတွက် မစောင့်ကြပ်သည်မှာ ကြာနေပြီဖြစ်သော်လည်း တိုင်းမှူးလာသည့်အခါမှ မီးပွိုင့်မီးလင်းကာ လမ်းဆုံများတွင် ယာဉ်ထိန်းများ စောင့်ကြပ်နေသည်ကို အထူးအဆန်းတွေ့ရကြောင်း ဒေသခံများထံက သိရသည်။ 

ဒီနေ့ မော်တော်ပီကယ်တွေကို ပြန်တွေ့နေရတာ ထူးဆန်းတယ်။ ခါတိုင်း မီးပွိုင့် မဖွင့်ဘူး။ မီးပွိုင့်တွေကို ပိတ်ထားတာလည်း တော်တော်ကြာနေပြီ။ ဂိတ်တဲမှာလည်း စောင့်တဲ့လူတစ်ယောက်မှ မရှိဘူး။ ဒီနေ့ ကျွန်းတောနားမှာ (၃)ယောက်စောင့်နေတာတွေ့တယ်။ မီးပွိုင့်က မဖွင့်တာ တော်တော်လေးကြာနေပြီ။ မီးပွိုင့်မှာလည်း မော်တော်ပီကယ်တွေကို မတွေ့ရတာကြာနေပြီ ဒီနေ့ ညနေ အလုပ်က ပြန်လာမှ မီးပွိုင့်မီးလင်းတာတွေ သူတို့စောင့်နေတာတွေကိုတွေ့တာ။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာဏာသိမ်းစစ်တပ်၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် နှင့် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်းတို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းခရီးစဉ်အဖြစ် စက်တင်ဘာလ(၁၆)ရက်နေ့က မိုင်းဆတ်ခရိုင်အတွင်းသို့ အရင်ဆုံးသွားရောက်ပြီး စက်တင်ဘာလ(၁၉)ရက်နေ့တွင် တာချီလိတ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

တာချီလိတ်မှာ မီးပွိုင့်မီးမလင်းတာကြာနေသလို မော်တော်ပီကယ်လည်း မစောင့်တာကြာပြီ။ တိုင်းမှူးလာတဲ့ နေ့မှပဲ မီးပွိုင့်မီးလင်းတာ လမ်းမှာ စောင့်တာတွေ လုပ်တာကို ကြည့်လိုက်ခြင်းအားဖြင့် အထက်က လူတွေက အောက်က ဘာပဲတင်ပြ တင်ပြ ယုံကြတာမျိုးပေါ့။ တကယ့် မြေပြင်မှာက တလွဲဖြစ်နေတာမျိုးတွေ။

ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့သို့ ရောက်ရှိလာသည့် တိုင်းမှူးနှင့်အဖွဲ့က  စံလင်းဖြိုးကုမ္ပဏီ၏ အာယုဒါနအောက်ဆီဂျင် ထုတ်စက်ရုံတွင် ကြည့်ရှုခြင်းအပြင် တပ်နယ်တွင်း ထောက်ပံ့မှုများ လုပ်ဆောင်ကြောင်း သိရသည်။